ပေါ်တာဆွဲခံလိုက်ရတဲ့ရှမ်းလူငယ်ခေါင်းဆောင်အပါအဝင်လူငယ်၂ဦး  TNLA နဲ့စစ်ကောင်စီတိုက်ပွဲကြောင့်သေဆုံး 

လက်နက်ကြီးထိမှန်တာကြောင့် သေဆုံးသွားသည့် စိုင်းစံလှ

မေ ၅ ၊ မူဆယ် 

စစ်ကောင်စီတပ်တွေပေါ်တာဆွဲခေါ်ဆောင်သွားတဲ့ ရှမ်းလူငယ်ခေါင်းဆောင်အပါအဝင် လူငယ် ၂ ဦး က TNLA နဲ့ စစ်ကောင်စီတပ်တို့တိုက်ပွဲကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မော်တောင်းကျေးရွာမှာ မေလ ၄ ရက်နေ့ညကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ သေဆုံးခဲ့တာလည်းဖြစ်ပါတယ်။ 

ကွတ်ခိုင်မြို့ကနေ မူဆယ်ကို ထွက်ခွာလာတဲ့ သူတို့နှစ်ဦးကို စစ်ကောင်စီတပ်တွေက နမ့်ပေါ်တံတားမှာ ပေါ်တာဆွဲပြီးတင်ဆောင်ခိုင်းခဲ့ရာ မော်တောင်းကျေးရွာအနီးမှာ နေရာယူထားတဲ့ TNLA တပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုကြောင့် သေဆုံးခဲ့တာပါ။

“ ရှင်းရှင်းပြောရရင် အရင်ဆုံးတော့ ဗမာစစ်တပ်က ဒီလိုမလုပ်သင့်ဘူး ပြည်သူတွေရဲ့ကားဖြစ်တယ်။ ပေါ်တာဆွဲဖို့မသင့်ဘူး ဒါက ဗမာစစ်တပ်မှားတာပေါ့လေ၊ နောက်တစ်ခုက TNLA လည်းမှားတယ်။ ဘာလို့လဲဆိုတော့ ဗမာစစ်တပ်က စီးခဲ့တဲ့ကားက ဒေသခံပြည်သူတွေရဲ့ကားဖြစ်တယ်ဆိုတာ သူတို့လုံးဝသိတယ်။ ဒီလိုသိတာကို ပစ်တာဆိုတော့ နှစ်ဖက်စလုံးမှားတယ်။” လို့  ရှမ်းလူငယ်ကွန်ရက် TYN က ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ 

သေဆုံးသွားတဲ့ နှစ်ဦးထဲမှာ  စိုင်းစံလှက ၂၀၁၇ ခုနှစ်ကတည်းက   TYN မှာ အလုပ်အမှုဆောင်တာဝန်ကိုထမ်းဆောင်နေသလို ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU မှာလည်း အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်နေဆဲဖြစ်ပါတယ်။ 

သူသေဆုံးမှုအတွက် TYN က တရားမျှတမှုရရှိရေးတောင်းဆိုသွားမယ်လို့လည်းဆိုပါတယ်။ 

ရှမ်းလူငယ်ခေါင်းဆောင်နဲ့ တစ်ဦး ဒီလိုသေဆုံးမှုအပေါ်မှာ ရှမ်းလူငယ်တွေက ဝမ်းနည်းကြောင်းပြောဆိုထားကြပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *