ဖားကန့်မြို့နယ်တာမခံတွင်တိုက်ပွဲဆက်ဖြစ်နေပြီးလက်နက်ကြီးကြောင့်နေအိမ်တချို့မီးလောင်

ဖေဖော်ဝါရီ ၂၇ ၊ ဖားကန့် 

ဖားကန့်မြို့နယ် တာမခံကျေးရွာရှိ ရဲစခန်းနှင့် စစ်ကောင်စီတပ်စခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက မနေ့ကတည်းက တိုက်ခိုက်နေပြီး ဒီနေ့ ဖေဖော်ဝါရီ (၂၇)ရက်နေ့ မနက်ပိုင်းအထိ တိုက်ပွဲဆက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ တာမခံကျေးရွာသားတစ်ဦးက ပြောပါတယ်။ 

“  အခုထိတိုက်ပွဲကတော့ ဒီနေ့မနက်အထိ ဆက်ဖြစ်နေတုန်းပဲ၊ စခန်းကျဖို့ကတော့ မလွယ်ဘူးထင်တယ်။ စခန်းက တအားခိုင်ခံ့အောင်လုပ်ထားတာကြီးကို” လို့ ၎င်းက ဆက်ပြောပါတယ်။ 

ဖေဖော်ဝါရီလ( ၂၆) ရက်နေ့ညနေပိုင်းမှာ KIA+PDF ပူးပေါင်းတပ်တွေက စတင်တိုက်ခိုက်တာဖြစ်ပြီး တာမခံတစ်ရွာလုံး ရွေ့ပြောင်းထားရပြီဖြစ်ကြောင်း သိရပါတယ်။ 

တိုက်ပွဲအတွင်း ပစ်ခတ်တဲ့ လက်နက်ကြီးတွေကြောင့် နေအိမ် ၊ စျေးဆိုင် နှင့် စက်သုံးဆီဆိုင်တချို့ မီးလောင်မှုတွေရှိနေတယ်လို့ သိရပါတယ်။ 

“ ရွှေမင်းသားရယ်၊ ကိုမျိုးကုန်စုံဆိုင်ရယ်၊ ဆီတန်းတွေရယ် ၊လက်နက်ကြီးကတော့ ဘယ်သူ့ဟာလည်းဆိုတာ ပြောလို့မရဘူး ပစ်ကြတာကြီးကို ၊ သွားစတာကတော့ KIA က သွားစတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

တိုက်ပွဲကြောင့် မီးလောင်ပျက်စီးမှု အခြေအနေနှင့် အရပ်သားထိခိုက်မှုတွေကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ 

နှစ်ဖက်တိုက်ပွဲဟာ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေလည်း ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရပါတယ်။ 

ဖေဖော်ဝါရီ (၂၅)  ရက်နေ့ညပိုင်းကတည်းက တာမခံကျေးရွာသားတွေအားလုံး ရွေ့ပြောင်းထားကြဖို့ သတိပေးမှုတွေရှိခဲ့ပြီးတစ်ရက်အကြာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *