အောက်တိုဘာ ၅ ၊ ဖားကန့်
ဖားကန့်မြို့နယ်တွင် ဆန်နှင့် အခြေခံစားသောက်ကုန်စျေးနှုန်းများမြင့်တက်လာနေမှုကြောင့် လက်လုပ်လက်စားများအတွက် ပိုမိုခက်ခဲလာကြောင်း ရေမဆေးသမားများထံမှသိရသည်။
“ အခုက ပလုပ်တုတ်ကိုခေါက်နေပြီ ၊ ကျောက်ကလည်း ရောင်းမရ ၊ ဆန်တွေကလည်း တအားစျေးကြီးလာတယ် ၊ ဆန်အပျော့တွေဆို ပိုစျေးကြီးတယ် ၊ အခု ဆန်အမာတောင် ၄သောင်းခွဲပေးနေရတယ် ” ဟု ရေမဆေးတစ်ဦးက ရှမ်းနီအသံကိုပြောသည်။
ဖားကန့်မြို့တွင် စက်သုံးဆီစျေးနှုန်း တစ်ဂါလံ ခုနှစ်ထောင်ကျပ်နှုန်းရှိနေပြီး ဆန်အမာ (တစ်အိပ်)လျှင် လေးသောင်းခွဲကျပ်ရှိနေကြောင်း သိရသည်။
ဖားကန့်မှ ကျောက်ရောင်းဝယ်သူတချို့က ကျောက်စိမ်းများကို အွန်လိုင်းစာမျက်နှာများတွင် ရောင်းချမှုများပြုလုပ်မှု ပြုလုပ်ကြရာ သွင်ကျယ်လာချိန်တွင် အင်တာနက်ဖြတ်တောက်ခြင်းခံလိုက်ရသည်။
ထို့ကြောင့် ကျပ် တစ်သိန်း နှင့် ဆယ်သိန်း ကြားတန်ဖိုးရှိသည့် ကျောက်များရောင်းဝယ်မှု ရပ်တန့်သွားခဲ့သည်။
“ အရင်က လက်ကီးဖွင့်ပေးအုံးဆိုရင် လောပန်းတွေက ကျောက်ကြည့်ပြီး တစ်သောင်း ၊ ငါးထောင်အဲ့လိုဖြတ်ပေးသေးတယ်၊ အခုက ဘာမှကိုသူတို့မဝယ်တော့တာ” ဟု လုံးခင်းကျေးရွာမှာ ရေမရေးတစ်ဦးက ရှမ်းနီအသံကိုပြောသည်။
ဖားကန့်မြို့တွင် တစ်နိုင်တစ်ပိုင်ကျောက်စိမ်းတူးဖော်ရေးအတွက် လိုအပ်သည့် စက်ပစ္စည်းများလည်း စျေးနှုန်းနှစ်ဆမြင့်တက်နေကြောင်း လောပန်း (ကျောက်သူဌေး) များထံမှ စုံစမ်းသိရှိရသည်။