ဖားကန့်မြို့နယ် မှော်စီစာကျေးရွာမှာ ဒီဇင်ဘာလ ၂၂ ရက်နေ့ မနက် (4) နာရီအချိန်က စုပေါင်းမြေစာပုံပြိုကျမှုကြောင့် လူ ၆၀ ကျော်ပျောက်ဆုံးနေကြောင်း ကူညီကယ်ဆယ်နေတဲ့သူတွေဆီကနေ သိရပါတယ်။
“ မော်စီဇာက အုပ်စု စိန်စိန်လုပ်ကွက်ဗျ ၊ အခုတော့ အလောင်းတစ်လောင်းတော့ရှာဖွေတွေ့ရှိထားပြီ ၊ သေဆုံးတဲ့သူကတော့ ၆၀ လောက်တော့ခန့်မှန်းထားတယ်။ ပြီးတော့ စျေးရောင်းတဲ့ စျေးသည်တွေလည်းပါသွားတယ်” လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူ တစ်ဦးက ရှမ်းနီအသံကို ပြောပါတယ်။
ဒီမြေစာပုံပြိုကျမှုကြောင့် ရေမဆေးတွေအပြင် စျေးသည်တချို့လည်း ဒီမြေပြိုမှုမှာ ပါသွားကြောင်း သိရပါတယ်။
ဒီနေ့တစ်နေကုန်ရှာဖွေမှုအရ လူသေအလောင်းတစ်လောင်းသာ ရှာဖွေတွေ့ရှိသေးတယ်လို့ဆိုပါတယ်။
ရှာဖွေတွေ့ရှိခဲ့တဲ့ အလောင်းက လုံးခင်းကျေးရွာအုပ်စု ငြိမ်းချမ်းသာယာက ကိုမောင်မျိုး ဆိုသူဖြစ်ပါတယ်။
ဒီမြေစာပုံပြိုကျရတဲ့အကြောင်းအရင်းကို ဒေသခံတစ်ဦးပြောပြတာက “ မြေစာပုံအောက်မှာ လုပ်ကွက်ကျင်းဟောင်းရှိတယ်လေ အဲ့ကျင်းဟောင်းပေါ်မှာ မြေစာသွန်ရင်းနဲ့ မြေစာသွန်တဲ့ကားကနားသွားပြီ မနက် ၄ နာရီ ၁၅ မှာ အဲ့ခါမှာအေးဆေးရှာကြပြီးတော့ မြေစာပုံကပျက်ပြီးမှ ပြိုသွားတာ” လို့ ပြောကြားခဲ့ပါတယ်။
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မမုံနှင့်မနကျေးရွာအနောက််ဘက်က လုပ်ကွက်မှာ ဒီဇင်ဘာလ ၁၉ ရက်နေ့က မြေစာပုံပြိုကျမှုကြောင့် လူ ၃၀ နီးပါးပါသွားကြောင်း သိရပါတယ်။