ဇန်နဝါရီ ၁၉ ၊ ဖားကန့်
ဖားကန့်မြို့နယ်အတွင်းမှာ စစ်ကောင်စီဗျူဟာကုန်းမှ လက်နက်ကြီးတွေနဲ့ ဝှေခါကျေးရွာအနီးတဝိုက်ဘက်ကို ပစ်ခတ်မှုတွေဟာ ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
“ လက်နက်ကြီးတော့ပစ်နေတာပဲ အလုံးနှစ်ဆယ် သုံးဆယ်လောက်ရှိတယ်။ မနေ့က ညနေပိုင်း ဝှေခါဘက်ကိုတော့ ထင်တာပဲ၊။ ဟိုလိုသွားယှဉ်ပြီးတော့မှ ပစ်တာမဟုတ်ဘူး၊ လက်နက်ကြီးနဲ့ ပစ်တာလောက်ပဲ” လို့ ဝှေခါကျေးရွာအခြေအနေကို သိရှိသူ ဒေသခံတစ်ဦးက ပြောပြပါတယ်။
ဝှေခါကျေးရွာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၆)ရက်နေ့ကစပြီး KIA+PDF ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီရဲ့ ဗျူဟာကုန်းကို တိုက်ခိုက်မှုစတင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။
တိုက်ခိုက်မှုတွေကြောင့် ဝှေခါကျေးရွာမှ ဒေသခံ ထောင်နှင့်ချီက စစ်ဘေးတိမ်းရှောင်ပြီး ဆိပ်မူ ၊ လုံးခင်း ၊ မှော်လျှံ စတဲ့ကျေးရွာတွေဆီကို ထွက်ပြေးတိမ်းရှောင်နေကြရဆဲလည်းဖြစ်ပါတယ်။
ဝှေခါမှာ တိုက်ပွဲပြန်လည်ငြိမ်သက်သွားပေမယ့်လည်း ကျေးရွာသားများ နေအိမ်ပြန်ဖို့အရေးအတွက် ပိတ်ပင်ထားမှုတွေဆက်ရှိနေတာကြောင့် စစ်ဘေးဆက်လက်တိမ်းရှောင်နေရတာလို့ စစ်ဘေးရှောင်အရေးကူညီနေသူတွေဆီကနေ သိရပါတယ်။
ဖားကန့်မြို့နယ်အတွင်းက ဝှေခါ ၊ နန့်တိန်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေက ဇန်နဝါရီလအတွင်းမှာ တိိုက်ခိုက်ခံနေရပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူများ၊ စစ်ကူများဖြင့် တန်ပြန်တိုက်ခိုက်မှုတွေလည်းရှိနေတယ်လို့ သိရပါတယ်။