ဇူလိုင် ၉ ၊ ဖားကန့်
ဖားကန့်မြို့နယ် ၊ဆိပ်မူကျေးရွာ၊ မှော်ရှန်ရပ်ကွက်အတွင်းရှိ ရှင်းရင်ဟော်တယ်ပိုင်ရှင် အမျိုးသမီးကို ဇူလိုင်လ ၈ ရက်နေ့ညပိုင်းအချိန်တွင် လက်နက်ကိုင်လူတစ်စုက လာရောက်ခေါ်ဆောင်သွားပြီး လုပ်ကြံသတ်ဖြတ်သွားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
“ ရွာဟောင်းကိုခေါ်သွားတာတဲ့ ရွာဟောင်းလမ်းဆုံမှာပစ်သတ်ပလိုက်တယ်တဲ့ သေချာမသိရဘူး ဘာလို့ဆို ခေါ်သွားတာတောင်မှ ဘယ်အဖွဲ့အစည်းလို့ မပြောရဲကြဘူးလေ အေ့လိုပေါ့” ဟု ဆိပ်မူကျေးရွာနေ ဒေသခံတစ်ဦးက ဆိုပါတယ်။
သေဆုံးသွားသူ အမျိုးသမီးက အသက်(၅၀)ဝန်းကျင်ရှိ တရုတ်လူမျိုးတစ်ဦးဖြစ်သည်ဟု သိရှိရပြီး ၎င်းပိုင်ဟော်တယ်မှ ဆိပ်မူရွာဟောင်းသို့ ခေါ်ဆောင်သွားကာ ရွာဟောင်းလမ်းဆုံတွင် ပစ်သတ်ခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။
လာရောက်ခေါ်ဆောင်သွားတဲ့ အဖွဲ့အစည်းကို ကျေးရွာရှိ ဒေသခံများကလည်း ထုတ်ဖော်ပြောဆိုရန် ကြောက်လန့်နေပြီး ပြောဆိုခြင်းမရှိကြပါဘူး။
“ အေ့မှာကျတော့ ပြဿနာကခနခနဖြစ်တယ်ဆိုတော့ ဘယ်ပြဿနာနဲ့ဘယ်လိုညှိတယ်ဆိုတာ ပြဿနာကတော့အများကြီးပဲ ဒါကြောင့်မို့ တစ်ကြောင်းမဟုတ်တစ်ကြောင်းကတော့ သေချာတယ် ။ ကေအိုင်အေက ဝင်စီးလိုက် စစ်တပ်ကဝင်စီးလိုက် ဟိုတစ်ခေါက်က ကေအိုင်အေတွေအများကြီးပါသွားတယ်လေ အဲ့မှာ ကေအိုင်တွေပျော်နေတုန်း စစ်တပ်ဝိုင်းခံလိုက်ရတော့” ဟု ဒေသခံက ဆက်ပြောပါတယ်။
ပြီးခဲ့သည့် လပိုင်းတွေမှာ ရှင်းရင်ဟော်တယ်တွင် KIA အရာရှိများရှိနေစဉ် စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်စီးနင်းဖမ်းဆီးခြင်း ပြုလုပ်ခဲ့ပြီး အဆိုပါကိစ္စများနှင့် ဟော်တယ်ပိုင်ရှင် အသတ်ခံရမှုဟာ ဆက်စပ်နေနိုင်သည်ဟုလည်း ကျေးရွာအတွင်းနေထိုင်သူတစ်ချို့က ပြောဆိုနေကြပါတယ်။
“ အေးဘယ်လိုပြောရမလဲဆိုတော့ လုပ်ငန်းကြီးသမားတွေလေ ဟိုပိုင်ဒီပိုင်နှစ်ဖက်ပိုင်တယ်လေသူတို့တွေက၊ အခုက ဘယ်လိုတွေဖြစ်သွားကြမှန်းကိုမသိတာပါ့မောင်” လို့ ဆိပ်မူကျေးရွာသားတစ်ဦးက ပြောဆိုပါတယ်။
သေဆုံးသူအမျိုးသမီးအလောင်းကို ပရဟိတအဖွဲ့အစည်းများနှင့် ကျေးရွာတာဝန်ရှိသူများက ရင်ခွဲရုံသို့ပို့ဆောင်စစ်ဆေးပြီးနောက် ၎င်းပိုင် ရှင်းရင်ဟော်တယ်သို့ ပြန်လည်ပို့ဆောင်ထားပြီဖြစ်သည်ဟု နီးစပ်သူတွေဆီကနေ သိရပါတယ်။