ဇွန် ၂၈ ၊ ဖားကန့်
ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှာ KPDF ပူးပေါင်းတပ်ဖွဲ့များနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ နှစ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်နေတာဟာ (၃)ရက်ခန့်ရှိလာပြီဖြစ်တယ်လို့ ကျေးရွာအတွင်းနေထိုင်နေသူများထံမှ သိရပါတယ်။
ဇွန်လ(၂၅)ရက်နေ့ကနေ မနေ့က (၂၇)ရက်နေ့အထိ လက်နက်ကိုင်နှစ်ဖွဲ့က ကျေးရွာတွင်းမှာ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေတာဖြစ်ပြီး မနေ့ က ညနေပိုင်း(၃)နာရီကျော်ဝန်းကျင်အချိန်ခန့်ကလည်း စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ခြုံခုံတိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
တပ်သားအယောက် (၇၀)နီးပါးပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းက ဖားကန့်မြို့စစ်ကောင်စီဗျူဟာကုန်းကနေ ဆိပ်မူကျေးရွာ၊ ရပ်ကွက်(၁)အနီးရှိ နှီးဘုရားကုန်းဘက်ကို လာရောက်ချိန်လမ်းပိုင်းမှာ KPDF တပ်ဖွဲ့များက စောင့်ဆိုင်းပစ်ခတ်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိပ်မူကျေးရွာသား တစ်ဦးက အခုလို ပြောပြပါတယ်။
“ စစ်ကောင်စီစစ်ကြောင်းအယောက်၇၀လောက်က အဲ့ဒီဘက်ကိုဝင်သွားတော့ PDFက အဲ့ဒါကိုဝိုင်းတာပေါ့ သူတို့(စစ်ကောင်စီ)သွားမယ့်လမ်းကြောင်းကို ပိတ်တာပေါ့ အေ့လမ်းကြောင်းကို တောဘက်ကဒရုန်းနဲ့ဗုံးချတာပေါ့ ဒါနဲ့အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်တာ” လို့ပြောပါတယ်။
ဖားကန့်မြို့ဘက်မှလည်း လက်နက်ကြီးပစ်ကူပေးမှုတွေရှိနေပြီး ဒီရက်ပိုင်းတွေမှာ လက်နက်ကြီးကြောင့် ဒေသခံထိခိုက်ဒဏ်ရာရမှုတွေက (၁၀)ဦးထက်မနည်း ရှိနေပြီလည်းဖြစ်ပါတယ်။
ဒီလိုစစ်ရေးအခြေအနေတွေတင်းမာနေတာကြောင့် အနီးနေထိုင်သူဒေသခံများက တိမ်းရှောင်မှုတွေလည်းရှိနေပြီး မတိမ်းရှောင်သူများအနေဖြင့်လည်း အိမ်တွင်းမှာပဲနေထိုင်ကြဖို့ KPDF တပ်ဖွဲ့များဘက်က သတိပေးပြောဆိုမှုတွေရှိနေပါတယ်။
“ PDFတွေက ရွာကလူတွေကိစ္စပို့တာတောင်မှမသွားခိုင်းဘူးတဲ့ သုဿာန်မှာလူသေတွေသွားပို့တာလေ နည်းနည်းပဲဝင်ခိုင်းပြီး ကျန်တဲ့သူတွေကို ပြန်မောင်းပြန်တာတဲ့ သုဿာန်မှာသူတို့PDFတွေက ကင်းပုန်းတွေချထားတယ် ဝှေခါဘက်စစ်ကောင်စီစစ်ကြောင်းလာမှာစိုးလို့လေ’ ဟု ကျေးရွာတွင်းက နေထိုင်သူတွေကို အသွားအလာတင်းကျပ်နေတဲ့အကြောင်းကို ရွာသားတစ်ဦးက ပြောပြတာပါ။
KIA+PDFပူးပေါင်းတပ်ဖွဲ့တွေက ဖားကန့်မြို့နယ်၊ကံဇီး ကျေးရွာဘက်က တပ်ရင်းတွေမှာနဲ့ ဝှေခါကျေးရွာဘက်က တောဘက်တွေမှာ စခန်းချနေနေတာဖြစ်ပြီး အဲ့ဒီဘက်ကနေ ဆိပ်မူ၊လုံးခင်း၊ကျေးရွာတွေအပြင် ဖားကန့်မြို့နယ် အတော်များများကို လှုပ်ရှားသွားလာနေကြတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကလည်း ဒီရက်ပိုင်းတွေမှာ စစ်ရေးလှုပ်ရှားမှုတွေ ပြန်လည်ပြုလုပ်နေတာဖြစ်တာကြောင့် နယ်မြေစိုးမိုးမှုတွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေ ခပ်စိတ်စိတ်ဖြစ်ပွားနေတာလို့လည်း သိရပါတယ်။