ဧပြီ ၇ ၊ ဖားကန့်
အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ဖားကန့်မြို့မှာ အင်တာနက်လိုင်းတွေကို တစ်ရက်သာ အသုံးပြုလို့ရခဲ့ပြီး ဒီနေ့မှာပြန်ပိတ်သွားပြီလို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဖားကန့်မြို့နယ်က ဖားကန့် ၊ ဟောင်ပါး ၊ တာမခံ ၊ ဆိပ်မူ ၊ မှော်စီဇာ ၊ လုံးခင်း စတဲ့နေရာတွေမှာ မိုင်တဲလိုင်းကို လွန်ခဲ့တဲ့ ရက်က ကောင်းကောင်းအသုံးပြုလို့ရတာ တစ်ရက်သာရှိခဲ့တယ်လို့ဆိုပါတယ်။
ဖားကန့်မြို့မှာ အင်တာနက်အသုံးပြုချင်ရင် ပုဂ္ဂလိက ဆိုင်တချို့ရှိပြီး တစ်နာရီ တစ်သောင်းကနေ နှစ်သောင်းထိပေးပြီး ဆက်သွယ်မှုတွေပြုရတယ်လို့ဆိုပါတယ်။
“ အင်တာနက်က ဟိုဆိုင်တွေမှာ ပိုက်ဆံပေးပြီးသုံးတဲ့နေရာတွေရှိတယ် စလောင်းအကြီးကြီးတွေနဲ့ သိန်းလေးငါးဆယ်တန်တွေနဲ့ ၊ သူတို့က အဲ့တာကို တစ်နာရီတစ်သောင်း နှစ်သောင်းအဲ့လိုပေးပြီးသွားသုံးရတာ ၊ ကျောက်သမားတွေကလည်း အဲ့မှာပဲသွားသုံးတယ် ကျောက်အရောင်းအဝယ်တွေကို” လို့ ဆိပ်မူကျေးရွာက ကျောက်ကုန်သည်တစ်ဦးကဆိုပါတယ်။
ဖားကန့်မြို့နယ်ထဲမှာ မိုင်တဲအင်တာနက်လိုင်းတွေက ရက်အလိုက် အသုံးပြုလို့ရမှုတွေရှိသလို နေရာတွေအလိုက်လည်း အသုံးပြုလို့ရတယ်လို့ သိရပါတယ်။
ဖားကန့်မြို့နယ်ထဲမှာ စစ်တပ်ပိုင်တဲ့ မိုင်တဲတာဝါတိုင် (၅)ခုခန့် က ဗုံးခွဲဖျက်ဆီးခံခဲ့ရပါတယ်။
စစ်ကောင်စီဘက်က စစ်ကိုင်းတိုင်းဒေသကြီး တစ်ခုလုံး ၊ ချင်းပြည်နယ် နဲ့ ကချင်ပြည်နယ်က ဖားကန့် ၊ မန္တလေးတိုင်းက မိုးကုတ် မြို့တို့ကို အင်တာနက်လိုင်းဖြတ်တောက်ထားတာလည်းဖြစ်ပါတယ်။