စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဖောင်းပြင်မြို့နယ်ထဲက ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ဒီရက်ပိုင်းမှာ နုတ်ထွက်စာ တင်ထားကြောင်း သိရပါတယ်။
ဒီရက်ပိုင်းမှာပဲ နုတ်ထွက်လိုက်တဲ့ ကျေးရွာ (၂၀ ) ကျော်ရှိနိုင်တယ်လို့ ဒေသခံတချို့ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။
နုတ်ထွက်သူအများစုရဲ့ နုတ်ထွက်စာမှာတော့ ဆန္ဒသဘောအလျှောက် နဲ့ မိသားစု ကျန်းမာရေးအခြေအနေတွေကြောင့် လို့ရေးသားထားပါတယ်။
နုတ်ထွက်သူတွေထဲမှာ အုပ်စုအုပ်ချုပ်ရေးမှူးတွေ ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ၊ ကျေးရွာတာဝန်ခံ နဲ့ ရပ်မိရပ်ဖ တချို့လည်း ပါဝင်ပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူးတွေက စစ်ကောင်စီရဲ့ အဓိကထောက်တိုင်တွေဖြစ်ပြီး ပြည်သူ့ကောင်းကျိုးအတွက် တစ်စုံတစ်ရာ မပေးစွမ်းနိုင်ဘူးလို့ဆိုပြီး ဖောင်းပြင် PDF တွေက ဖေဖော်ဝါရီလကုန်နောက်ဆုံးထားပြီး နုတ်ထွက်ကြဖို့ သတိပေးထားပါတယ်။
ဖောင်းပြင် PDF. အဖွဲ့က ဇန်နဝါရီလထဲမှာ ၂၂ ရက်နေ့မှာ မိုင်းချောင်း ရဲစခန်း နဲ့ ရေအောက်တောင်းရဲစခန်းတို့ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး လက်နက်တွေ သိမ်းဆည်းရမိသလို လွင်ကြီးရဲစခန်းကိုလည်း မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဖောင်းပြင်မြို့နယ်မှာ ရပ်ကွက်(၂)ခု နဲ့ ကျေးရွာအုပ်စု (၄၀)၊ ကျေးရွာ ၁၇၈ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေ တစ်သိန်းနှစ်သောင်းကျော် နေထိုင်တဲ့ မြို့လည်းဖြစ်ပါတယ်။