မေ ၂၄ ၊ မိုးညှင်း
ဗန်းမောက်မြို့နယ် မံလူဒေသစိတ်ထဲက ပါထွန်၊ နားပင်၊ မံလူ ၊ ကံကြီးစတဲ့ ကျေးရွာတွေက ရွာသူ/သား တစ်ရာကျော်ဟာ မိုးညှင်းမြို့ပေါ် တိုက်ပွဲရှောင်ပြေးရှောင်လာခဲ့ပြီး နေထိုင်ရေးတွေ အခက်အခဲဖြစ်နေတယ်လို့ စုံစမ်းသိရပါတယ်။
“ ဘကြီးတို့ရွာကလေးတွေဆို မီးသတ်ရုံးမှာအိပ်ရတာ တမံတလင်းမှာအိပ်ရတယ် ခုံမရှိဘူး။ ခြံပေါက်ဝမှာခြံစောင့်ထားတဲ့ တစ်ခန်းလေးမှာ စုနေရတယ်။ ရပ်ကွက်ထဲမှာ ဆွေမျိုးအိမ်မှာနေတဲ့ဟာလည်းမငှားနိုင်တော့ မိသားစု လေးငါးစုဟာ လူပေါင်း ဆယ့်လေးငါးယောက် အယောက် ၂၀ ဟာလည်း တစ်ခန်းတည်းနေရတယ်အဲ့လိုတွေပါ့လေနာ့်” လို့ စစ်ဘေးရှောင်လာသူ အသက် ၆၀ ကျော်အရွယ် အဖိုးတစ်ယောက်က ပြောပြပါတယ်။
စစ်ဘေးရှောင်တစ်ရာကျော်ဟာ လွန်ခဲ့တဲ့ ဧပြီလ သင်္ကြန်အတက်နေ့မှာ မိုးညှင်းမြို့ပေါ်ရပ်ကွက်တွေမှာရှိတဲ့ ဆွေမျိုးသားချင်းနေအိမ်များ၊ မြို့နှင့်နီးသည့်ကျေးရွာတချို့မှာ လာရောက်တိမ်းရှောင်နေကြရတာ တစ်လနီးပါးကြာမြင့်နေပြီလည်းဖြစ်ပါတယ်။
တချို့စစ်ဘေးရှောင်များက ပါလာသည့်ငွေကြေးတချို့ဖြင့် အိမ်ခန်းငှားရမ်းနေထိုင်မှုများရှိနေပေမယ့် တချို့က ဆွေမျိုးသားချင်းအိမ်တွေနဲ့ အသိမိတ်ဆွေအိမ်တွေမှာသာ စုပေါင်းနေထိုင်နေကြရဆဲဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။
ဗန်းမောက်မြို့နယ် ပါထွန်ကျေးရွာ ၊ နားပင်၊ မံလူ ၊ ကံကြီးစတဲ့ရွာတွေဟာ ရွာသားတချို့ဟာလည်း ဗန်းမောက်မြို့ပေါ်အပါအဝင် ရွှေကျောင်၊ ပင်းခါးစတဲ့ရွာတွေကို တိမ်းရှောင်နေကြရတာလည်းဖြစ်တယ်လို့ သိရပါတယ်။
ဒါ့ပြင် မေလ ၂၀ ရက်နေ့စပြီး KIA+PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေကြောင့် ဒေသခံတချို့ဟာ
တောလမ်းတွေကိုဖြတ်ပြီး မိုးညှင်းမြို့ကို တိမ်းရှောင်လာမှုတွေရှိနေတယ်လို့ စုံစမ်းသိရပေမယ့် စာရင်းအတိအကျမသိရှိရသေးပါဘူး။