ဒီဇင်ဘာ ၁၉ ၊ ဗန်းမောက်
ဗန်းမောက်မြို့နယ် နမ့်မားကျေးရွာအုပ်စု နမ့်အော့ကျေးရွာ ပထမဆုံးအကြိမ် ၂၁၁၆ ခုနှစ် ရှမ်းနှစ်သစ်ကူးအထိမ်းအမှတ် နဲ့ ကောက်ဦးဆွမ်းကပ်လှူပွဲကို ဒီနေ့ ဒီဇင်ဘာ (၁၈)ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။
ဒီပွဲတော်က နမ့်အော့ ၊ နမ့်မားကျေးရွာအုပ်စုမှာ ရှမ်းနီတိုင်းရင်းသားတွေရဲ့ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်ပြုလုပ်တဲ့ ရှမ်းနီရိုးရာပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။
“ ကျွန်တော်တို့ နှစ်သစ်ကူးဆိုတာကျွန်တော်တို့အတွက် တစ်ကြိမ်တစ်ခါမှမလုပ်ခဲ့ဖူးဘူးတဲ့အတွက်ကြောင့် နမ့်မားအုပ်စုဆိုရင် အခုလုပ်တယ််ဆိုတာ ပထမဦးဆုံးအကြိမ်လုပ်ဖြစ်တဲ့ ပွဲလည်းဖြစ်ပါတယ်.။ ကျွန်တော်တို့ရှမ်းနီလူမျိုးတွေ စည်းစည်းလုံးလုံးနဲ့ညီညီညွတ်ညွတ်နဲ့ တွေ့ဆုံကြတဲ့ပွဲလည်းဖြစ်ပါတယ်” လို့ ဦးဆောင်သူ လူငယ်တစ်ဦးဖြစ်တဲ့ စိုင်းအောင်ကျော်မိုးက ပြောဆိုပါတယ်။
နမ့်မားကျေးရွာအုပ်စု နဲ့ တခြားဒေသက ရှမ်းနီတိုင်းရင်းသားတွေ တွေ့ဆုံနှီးနှောမှုတွေ ၊ ယဉ်ကျေးမှု ပြန်လည်ဖော်ထုတ်မှုတွေကို အဓိက ဆောင်ရွက်ကြတာလို့ ဦးဆောင်သူတွေက ပြောဆိုပါတယ်။
ပွဲတော်မှာ ဘုရား နဲ့ သံဃာတော်တွေကို ကောက်ဦးဆွမ်းကပ်လှူမှုတွေပြုလုပ်ခဲ့ကြပြီးတဲ့နောက် ဖျော်ဖြေပွဲတွေ ၊ အားကစားပွဲတော်တွေလည်း ပါဝင်ပါတယ်။
ဒီနှစ်မှာ ကိုဗစ်ကပ်ဘေး ၊ စစ်အာဏာသိမ်းမှုတွေကြောင့် ရှမ်းနှစ်သစ်ကူးပွဲတော် နဲ့ ကောက်ဦးဆွမ်းကပ်လှူပွဲကို အကျဉ်းချုံဖြင့်သာ ကျင်းပကြတာလည်းဖြစ်ပါတယ်။