
ဩဂုတ် ၂၃ ၊ ဗန်းမောက်
ဗန်းမောက်မြို့နယ်မှာ စားအုန်းဆီ တစ်ပိဿာတစ်သောင်းခြောက်ထောင်ကျပ် ထိမြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
“ လမ်းတွေကလည်းပိတ်ဆိုတော့ ဒီဘက်ကို မရောက်လာနိုင်တော့တာပေါ့၊ စားအုံးဆီတွေပြတ်တာပေါ့လေ။ ပြတ်တဲ့အခါကျတော့ လက်ရှိဝယ်ပြီးသားသူတွေက စားအုံးဆီပြတ်ပြီဆိုတော့ အဝင်မရှိတဲ့အခါကျေတာ့ စျေးတက်ရောင်းတယ်ထင်တယ်။ စျေးကစားလိုက်ကြတာပေါ့ ။ ဒီဘက်မှာ စျေးတွေဘာလို့လို့ ဒီဘက်မှာအဲ့လောက်ထိစျေးတွေအဲ့လောက်မြောက်သွားလဲဆိုတာ ငါစဉ်းစားလို့ကိုမရတတ်တော့တာ” လို့ ဗန်းမောက်မြို့ပေါ်ရှိ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောပြပါတယ်။
စစ်ကောင်စီ ရဲ့ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက စားအုန်းဆီစျေးနှုန်းတွေကို တစ်ပိဿာ ၄၈၆၀ ကျပ်လို့ သတ်မှတ်ထားတာလည်းဖြစ်ပါတယ်။
ဗန်းမောက်မြို့နယ်ထဲမှာ နာမည်ရှိထားတဲ့ စားသုံးဆီတံဆိပ်တွေဖြစ်တဲ့ ရွှေဥ က တစ်ပိဿာ တစ်သောင်းခြောက် ထောင်ကျပ် ၊ Top One က တစ်သောင်းလေးထောင်ကျပ်နဲ့ ရောင်းချနေပေမယ့် လိုသလောက်ဝယ်ယူလို့မရဘူးလို့ ဆိုပါတယ်။
ဗန်းမောက် နဲ့ မန္တလေးကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေ မကြာခဏပိတ်တာ၊ ကုန်စည်စီးဆင်းမှုနှေးကွေးတာနဲ့ စက်သုံးဆီစျေးမြင့်တက်လာမှုတွေကြောင့် အခုလိုမြင့်တက်လာနေရတာဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။
ဗန်းမောက်မြို့နယ်မှာ စားအုံးဆီတွေက တစ်နှစ်ကျော်အတွင်းမှာ သုံးဆနီးပါးမြင့်တက်လာခဲ့တယ်လို့လည်း ပြောဆိုနိုင်ကြောင်း ဒေသခံတွေကဆိုပါတယ်။
ဗန်းမောက်မြို့မှာ စားအုံးဆီစားသုံးမှုနှုန်းက တစ်နှစ် တန်ချိန်တစ်သိန်းကျော်အသုံးပြုနေပြီး နှစ်စဉ် ဆီလိုအပ်မှုတွေကလည်း တစ်ချိန်တစ်ထောင်ကျော်ရှိတယ်လို့ မြို့နယ်ဆိုင်ရာ အချက်အလက်တွေအရ သိရပါတယ်။