ဗန်းမောက်မြို့နယ်မှာ  ငှက်ဖျားနှင့်တုတ်ကွေး ကာကွယ်ဆေးများကို ပြန်လည်ထိုးနှံပေးနေ 

ဇူလိုင် ၂ ၊ ဗန်းမောက် 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ် ပြည်သူ့ဆေးရုံတွင် တုတ်ကွေးနှင့် ငှက်ဖျားကာကွယ်ဆေးများကို ယခုဇူလိုင်လ( ၁)ရက်နေ့ကနေ ပြန်လည်ထိုးနှံပေးနေပြီဖြစ်တယ်လို့ ဒေသခံများထံမှသိရပါတယ်၊၊

ရှမ်းနီအမျိုးသားတပ်မတော် (၆၁၄) ထိန်းချုပ်ထားသော ဗန်းမောက်မြို့ပေါ်က ပြည်သူ့ဆေးရုံမှာ  ဒေသခံ ကလေး၊လူငယ်လူရွယ်အပါအဝင် သက်ကြီးရွယ်အိုများကိုပါ ပါဝင်ထိုးနှံပေးနေကြောင်း နီးစပ်သူများက ဆိုကြပါတယ်။

အဆိုပါကာကွယ်ဆေးများကို  ဇူလိုင်လ (၁)ရက်နေ့မှ  (၃)ရက်နေ့အထိ (၃)ရက်တာ ထိုးနှံဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

မနေ့က ဇူလိုင်လ (၁)ရက်နေ့တစ်ရက်တာ စာရင်းအရ  ကာကွယ်ဆေးလာရောက်ထိုးနှံသူဦးရေ (၆၀၀) ကျော်ရှိနေပြီး မနက် ၉ နာရီအချိန်မှ ညနေ ၃ နာရီအတွင်း ပြုလုပ်ပေးနေတာဖြစ်ကြောင်း ဆိုပါတယ်။ 

ဒီငှက်ဖျားနဲ့ တုတ်ကွေးတွေက  ဗန်းမောက်မြို့နယ်မှာ ယခုလတွေအတွင်း ဖြစ်ပွားမှုနူန်းများပြားနေသော ရောဂါများဖြစ်ပါတယ်။ 

လက်ရှိမှာ မံစီကြီးဒေသစိတ်တစ်ခုလုံးနီးပါး  ငှက်ဖျားရောဂါကူးစက်ပျံ့နှံ့နေပြီး လက်ရှိအထိ ကူးစက်သူ (၂၆၀)ကျော်ရှိထားတယ်လို့  မံစီကြီးဒေသစိတ်  ကျန်းမာရေးတာဝန်ခံကပြောပြပါတယ်။ 

ဗန်းမောက်မြို့နယ်မှာ  စစ်ကောင်စီ အာဏာသိမ်းပြီးချိန်မှစပြီး ဒီကာကွယ်ဆေးတွေထိုးနှံပေးခြင်းမရှိတော့တာဖြစ်တာကြောင့်  (၅)နှစ်တာအတွင်း ယခုလက ပထမဆုံးအကြိမ်အဖြစ် ရှမ်းနီအမျိုးသားတပ်မတော်မှ  ပြန်လည်ထိုးနှံပေးနေတာလည်းဖြစ်ပါတယ်၊၊

Leave a Reply

Your email address will not be published. Required fields are marked *