ဧပြီ ၆ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့နယ်၊ စက်တောကျေးရွာမှာ ဧပြီလ (၄) ရက်နေ့မှာ အထက်တန်းကျောင်းအုပ်ဆရာမကြီးတစ်ဦးနှင့် အထက်တန်းကျောင်း စာရေးမတစ်ဦး စုစုပေါင်း (၂)ဦးကို PDF တစ်ခုက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
အထက မံစီကြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းဌေးနှင့် အထက ပင်ဟင်းခါး-သာယာကုန်း ကျောင်းစာရေးမ ဒေါ်ခင်မြင့်အေး တို့နှစ်ဦးကို ဧပြီလ ၄ ရက်နေ့မှာ PDF တပ်ဖွဲ့တစ်ခုက ၄င်းတို့ရဲ့ နေအိမ်ထဲ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တစ်ခုက ပြောပြပါတယ်။
“ဟိုက မံစီကျောင်းအုပ် သူ(ဒေါ်စန်းစန်းဌေး) က စက်တောသူ။ ဟိုကဟာ ပင်ဟင်းခါး စာရေးမ(ဒေါ်ခင်မြင့်အေး) စက်တောသူ ၊ နှစ်ယောက်စလုံးကို ဖမ်းသွားတာ“ လို့ စက်တောဒေသခံ တစ်ဦးက ပြောပြပါတယ်။
အဆိုပါ ပညာရေးဝန်ထမ်းနှစ်ဦးသည် ၂၀၂၁ -၂၀၂၂ခုနှစ် ပညာသင်နှစ်မှာ ရာထူးတိုးနဲ့ အပြောင်းအရွေ့ပါသွားတဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။
Non-CDM ဝန်ထမ်းနှစ်ဦးကို ဖမ်းဆီးသွားခဲ့တဲ့ PDF တပ်ဖွဲ့ရဲ့ ဗန်းမောက်မြို့နယ်အတွင်းအခြေချတဲ့ PDF တပ်ဖွဲ့တစ်ခုဖြစ်ပြီး အဖွဲ့အစည်းနာမည်ကိုတော့ မသိရှိရသေးသလို ဖမ်းဆီးရတဲ့ အကြောင်းပြချက်ကိုလည်း မသိရသေးပါဘူး။
စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ကလည်း ဖမ်းဆီးခံရမှုမျိုး ကြုံ့တွေ့ရရင် လာရောက်တိုင်တိုင်ကြားမှသာလျှင် ဆောင်ရွက်ပေးတာဖြစ်ပြီး လာရောက်တိုင်ကြားခြင်းမရှိတဲ့အတွက် မလုပ်ဆောင်ပေးဘူးလို့ ဗန်းမောက် ပညာရေးနဲ့ နီးစပ်သူတစ်ဦးက ပြောပြပါတယ်။
“အိမ်ထဲမှာ လာဝင်ဖမ်းသွားတဲ့အခါကျတော့ အဲ့လိုမျိုးဖြစ်မှာစိုးလို့ ဆိုပြီးမှ ကြောက်နေကြတော့တာ ၊ ရဲစခန်းကတေ စစ်သားတွေကတော့ ပြောတာပညယ်။ ဒီပညာရေးကနေပြီးတော့မှ သူတို့ကို အဲ့လို အမှုတွေ လာဖွင့်ရင် သူတို့ လုပ်ပေးလို့ရတယ်ပါ့ ရှာပေးလို့ ရတယ်ပ။ အခုက ဘာမှ မပြောလာဘူးဆိုတော့ ဘာမှ မလုပ်ပေးကြဘူးပါ့။”
ဗန်းမောက်မြို့နယ်အတွင်းမှာ ဝန်ထမ်းတချို့၊ ဒေသခံတချို့တွေကို အမည်မသိရတဲ့ PDF တပ်ဖွဲ့တွေရဲ့ မကြာခဏဖမ်းဆီးမှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။