ဗန်းမောက်မြို့နယ်ရှမ်းနီလူငယ်ဒုဥက္ကဋ္ဌနှင့်စာပေတောင်ပိုင်းတာဝန်ခံဖြစ်သူကို PDF အဖွဲ့ဖမ်းဆီးသွားဟုဆို 

ဇွန် ၂၀ ၊ ဗန်းမောက်

ဗန်းမောက်မြို့နယ် ရှမ်းနီစာပေယဥ်ကျေးမှု တောင်ပိုင်းတာဝန်ခံ နှင့် ဗန်းမောက်မြို့နယ် ရှမ်းနီလူငယ်ကွန်ယက် ဒုဥက္ကဌဖြစ်သူ စိုင်းဆေလိုင်းအား ယမန်နေ့ညနေ နှစ်နာရီခွဲ အချိန်ခန့်တွင် ဗန်းမောက်တောင်ပိုင်း မံကပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ PDF အဖွဲ့ အင်အား ၂၀ ခန့်ဖြင့် လာရောက်ခေါ်ဆောင်သွားပြီး ယနေ့အထိပြန်လည် လွှတ်မြောက်လာခြင်း မရှိသေးကြောင်းသိရသည် ။

” သူက ရှမ်းနီစာပေယဥ်ကျေးမှုမှာ ဗန်းမောက်တောင်ပိုင်းတာဝန်ခံယူထားတော့ စာပေကိစ္စသွားရင်း ဖြစ်သွားတာ ။ တကယ်ဆို ဘာအကြောင်းနဲ့မှ ခေါ်သွားစရာမရှိဘူး ။ အမြန်ဆုံး ပြန်လွှတ်ပေးစေချင်တယ်။” ဟု ဗန်းမောက်မြို့နယ် ရှမ်းနီစာပေယဥ်ကျေးမှု အတွင်းရေးမှူး ဦးထွန်းမြင့်က ပြောကြားသည် ။

ဗန်းမောက်မြို့နယ် ရှမ်းနီလူငယ်ကွန်ယက် ဥက္ကဋ္ဌစိုင်းထွန်းအောင်ကလည်း အမြန်ဆုံးပြန်လွှတ်ပေးစေချင်ကြောင်းနှင့် အချိန်ကြန့်ကြာနေပါက မလိုလားအပ်သော နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောင်း ပြောကြားသည် ။

စိုင်းဆေလိုင်းအား မည်သည့် PDF အဖွဲ့က ဖမ်းဆီးသွားကြောင်း တိတိကျကျမသိရသေးပေ။ 

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ PDF များနှင့် နီးစပ်သူတစ်ဦးက အကောင်းဆုံးဖြစ်အောင် ဆက်သွယ်ဆောင်ရွက်ပေးနေကြောင်း ပြောကြားသည် ။

” ကျွန်တော်က ကြားလူတစ်ယောက်ဖြစ်တယ် ။ ကျွန်တော်ကိုယ်တိုင်လည်း ရှမ်းနီအမျိုးသားတစ်ယောက်ဖြစ်တယ်။ ကြားကြားချင်း အကူအညီတောင်းလာတဲ့ကိစ္စမှာ နှစ်ဦးနှစ်ဖက်ပြေလည်အောင်တော့ ကျွန်တော်ကြိုးစားကြည့်နေတယ် ။ ကြိုးစားပေးနေတယ် ။ စည်းမှုဘောင်အတိုင်း ကိစ္စတွေပေါ့ဗျာ ။ အဲ့လိုနှစ်ဦနှစ်ဖက် ကိစ္စတွေကို တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိအောင်လို့တော့ ကြိုးစားပေးကြည့်နေပါတယ် ။” ဟု ၎င်းကပြောကြားသည်။

ဗန်းမောက်မြို့နယ်သည် စစ်အာဏာမသိမ်းခင်ကတည်းက ရှမ်းနီအမျိုးသားများ တပ်မတော် SNA အခြေစိုက်ရာ ဒေသတစ်ခုဖြစ်ပြီး စစ်အာဏာသိမ်းပြီး PDF တပ်ဖွဲ့များ ဝင်ရောက်လာသောအခါ လက်နက်ကိုင်အဖွဲ့ အချင်းချင်းကြား အထင်အမြင်လွဲမှားမှုများကြောင့် ယခုကဲ့သို့သော ပြဿနာများ ဖြစ်ပေါ်လာခြင်းဖြစ်နိူင်ကြောင်း ရှမ်းနီလူငယ်တစ်ဦးက သုံးသပ်ပြောကြားသည်။

Leave a Reply

Your email address will not be published.