ဗန်းမောက်မြို့နယ်အတွင်းက ရွှေဝယ်ဆိုင်များ ငွေသား ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရ

စက်တင်ဘာ ၂၀ ၊​ ဗန်းမောက် 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်မောက်မြို့နယ် အနောက်ပိုင်းဒေသတွေက ရွှေအရောင်းအဝယ်ဆိုင်တွေမှာ ငွေသားပြတ်လပ်မှုတွေဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

ရွှေကတော့ ဝယ်တယ်။ ဒါပေမယ့် လောလောဆယ် ငွေက ပြတ်နေတယ်။ ငွေ ရောက်မလာသေးလို့  ၊ ရွှေဘိုနားမှာ စစ်ဖြစ်လို့ လမ်းပိတ်ထားတော့ ငွေက မရောက်။ မရောက်တော့ ရွှေဝယ်ဖို့က နားထားရတဲ့သဘောပေါ့။ ရှေ့သုံး လေးရက်တော့ ရောက်မယ်လို့ ထင်ပါတယ်။ ငွေတစ်ခါတစ်ခါရောက်လာဖို့က ရက်တော်တော်လေး ကြာတယ်။”” လို့ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။  

ငွေသားသယ်ယူတဲ့လမ်းကြောင်းဖြစ်တဲ့ မန္တလေး-မြစ်ကြီးနားလမ်းမပေါ်က  ရွှေဘိုမြို့အနီး တော်လှန်ရေးအင်အားစုတွေနှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေပြီး ခရီးသွားလာခွင့် ပိတ်ပင်ထားသည့်အတွက်လို့  သူကဆိုပါတယ်။ 

ဗန်းမောက်မြို့နယ်ဟာ ရွှေတူးဖော်မှုလုပ်ငန်းကို အဓိက လုပ်ကိုင်နေကြတဲ့ မြို့နယ်တစ်ခုဖြစ်ပြီး အခုလို ငွေသားပြတ်လပ်မှုကြောင့် ရွှေရောင်းတဲ့သူတွေအတွက်အခက်အခဲနဲ့ ကြုံရသလို မြို့နယ်အတွင်း ဒေသခံတွေအတွက်လှည့်ပတ်သုံးစွဲငွေတွေ ရှားပါးမှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ 

ရွှေဝယ်ဆိုင်အချို့တွေမှာ ငွေသားပြတ်လပ်မှုတွေ ရှိနေသည့်အတွက် ရွှေရောင်းချသူတွေဟာ ငွေသားရှိတဲ့ဆိုင်တချို့မှာ သွားရောင်းချနေရပေမယ့် စျေးနိမ်ပြီး ဝယ်ယူမှုတွေရှနေတယ််လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက ရှမ်းနီအသံကို ပြောပါတယ်။

ကျွန်တော် ဟိုနေ့က ရွှေရောင်းဖို့ ရွှေဆိုင် သုံးလေးဆိုင်လောက် သွားမေးတာ ရွှေဆိုင်တွေက ငွေသား ပြတ်တာတွေက ခပ်များများပဲ။ ငွေပြတ်တဲ့ ရွှေဝယ်ဆိုင်တစ်ချို့ကြတော့ ဈေးပေးကြတယ်။ ဒါပေမယ့် ငွေသားက မရှိဘူး။ ငွေသားရှိတဲ့ဆိုင်ကြတော့လည်း ဈေးက မရ အဲ့လိုတွေ။ ဈေးမရလည်း ငွေလိုတော့ ရောင်းခဲ့ရတာပါ့မောင်။” လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ 

လက်ရှိ ဗန်းမောက်မြို့နယ်အတွင်း အခေါက်ရွှေဈေးအနေနဲ့ တစ်ကျပ်သားကို ၆၂ သိန်းကျော်အထိ အများဆုံးဈေး ရရှိနေပြီး အနိမ့်ဆုံးဈေးအနေနဲ့ ၅၉ သိန်းကျော် ပေးဝယ်နေကြတာပဲ ဖြစ်ပါတယ်။

ဗန်းမောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ် မှာလည်း ငွေသားပြတ်လပ်မှုတွေကြောင့်  ဌာနဆိုင်ရာဝန်ထမ်းများတွေရဲ့ လစာတွေကို နှစ်လတိုင် ထုတ်ပေးနိုင်ခဲ့ခြင်းမရှိသေးဘူးလို့ ဝန်ထမ်းတွေက ရှမ်းနီအသံကို ပြောဆိုခဲ့ဖူးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *