

ဖေဖော်ဝါရီ ၃ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် ကြောင်လည်ကျေးရွာနဲ့ ပင်းခါးကျေးရွာမှ ဒေသခံရာနှင့်ချီကို KIA+PDF ပူးပေါင်းတပ်ဖွဲ့များက ဇန်နဝါရီလကုန်ပိုင်းမှာ ကျေးရွာအတွင်းကနေ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ စုံစမ်းသိရှိရပါတယ်။
“ ပင်းခါးရွာက အိမ်ခြေတစ်ရာကျော်နှစ်ရာနီးပါးလောက်ရှိတယ်၊ ကြောင်လည်ကတော့ အိမ်ခြေရှိသလောက်လူနေတာကတော့ တစ်ရာစွန်းနည်းနည်းလေးရှိတယ်။ စုစုပေါင်းခေါ်သွားတာကတော့ ခန့်မှန်း ၄၀၀ ကျော်လောက်ရှိတယ်။ ကလေးလူကြီး ဘုန်းကြီးပါမကျန်ခေါ်သွားတာ” လို့ ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ မိသားစုဝင်ရဲ့ ဆွေမျိုးတစ်ဦးက ပြောဆိုပါတယ်။
ဇန်နဝါရီလ ၂၉ ရက်နေ့ နဲ့ ၃၀ ရက်နေ့တွေမှာ ကျေးရွာအတွင်း ဝင်ရောက်ခေါ်ဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။
ကြောင်လည်ကျေးရွာအနီးရှိ ပြည်သူ့စစ်စခန်းနဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA ရဲ့ တပ်စခန်းကို KIA+PDF ပူးပေါင်းတပ်များက ဇန်နဝါရီလကုန်ပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတာ ရက်သတ္တပတ်နီးပါးရှိနေပြီလည်းဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပွားပြီး နှစ်ရက်အကြာမှာ ဒေသခံများ စစ်ဘေးရှောင်နေတဲ့ ကြောင်လည်ဘုန်ကြီးကျောင်း ၊ ပင်းခါးကျေးရွာဘုန်းကြီးကျောင်း နဲ့ ကျေးရွာအတွင်းနေအိမ်တွေဆီကနေ ခေါ်ဆောင်သွားတာဖြစ်တယ်လို့ မိသားစုဝင်တွေဆီကနေ သိရပါတယ်။
ဖမ်းဆီးသွားတဲ့သူတွေကို ပင်လည်ဘူးမြို့နယ်နဲ့ ဗန်းမောက်မြို့နယ်အစပ် ကျေးရွာတွေဆီခေါ်ဆောင်သွားတာဖြစ်တယ်လို့ဆိုပါတယ်။
“ သတင်းက ရာနှုန်းပြည့်မှန်ပါတယ်။ ရွာခံအနေနဲ့ အဖေပါသွားတယ်” လို့ ဖမ်းဆီးခေါ်ဆောင်ခံရသူရဲ့ မိသားစုဝင်တစ်ဦးက ဆိုပါတယ်။
အခုလိုခေါ်ဆောင်သွားတာနဲ့ ပတ်သက်ပြီး ဗန်းမောက် ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။
၂၀၂၃ ခုနှစ်က ကြောင်လည်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားရင် ဒေသခံများက ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးတိမ်းရှောင်ကြပြီး အခုလိုဖမ်းဆီးခေါ်ဆောင်သွားခြင်းမရှိဘူးလို့သိရပါတယ်။
ဗန်းမောက်မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်ဆို့ထားကြတာလည်း တစ်ပတ်နီးပါးကြာမြင့်လာနေပြီလည်းဖြစ်ပါတယ်။