မိုးညှင်းမြို့အနီးကကျေးရွာတွေမှာ တစ်ပတ်အတွင်းပေါ်တာဆွဲခံရသူ (၁၀)ဦးကျော်ခန့်ရှိနေ 

နမ္မားကျေးရွာအဝင် ဆိုင်းဘုတ်ကိုတွေ့ရစဉ်/SNV

သြဂုတ်(၁၈)၊ မိုးညှင်း

မိုးညှင်းမြို့အနီးကျေးရွာတွေမှာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တပ်သားသစ်စုဆောင်းရေးဆွဲခံရသူတွေဟာ  တစ်ပတ်အတွင်းမှာ (၁၀)ဦးကျော်ရှိတယ်လို့   ဒေသအတွင်းနေထိုင်သူများက ဆိုကြပါတယ်။

“ နန့်ခမ်း၊ သာယာကုန်းဘက်ဆိုပိုဆိုး။ လယ်တောပြန်တဲ့သူတွေခေါ်တယ်ဆွဲတယ် ။ လယ်ပြင်မှာတွေထိုင်စောင့်ခေါ်တာ ဒီလထဲတော်တော်လေးအခြေအနေမကောင်းနေဘူး မိုးညှင်းလေးနီးနီးလေးကိုတောင် လမ်းမှာကြောက်လို့ မသွားရဲလို့မသွားတာကြာလှပြီ”လို့  မြို့သစ်ကလေးကျေးရွာသူတစ်ဦးက အခုလိုပြောပြပါတယ်။

သြဂုတ်(၁၆)ရက်နေ့က ဟိုပင်မြို့ (၇)မိုင်ကျေးရွာမှာ မော်တော်ဆိုင်ကယ်နဲ့ ဟင်းစိမ်းလှည့်လည်ရောင်းချသူအမျိုးသား (၂)ဦးလည်း ပေါ်တာဆွဲခေါ်သွားခြင်းခံခဲ့ရကြောင်း မျက်မြင်တွေ့ရှိသူဒေသခံထံမှ သိရပါတယ်။

နန်းမားကျေးရွာအနီးရှိ ကျွန်းကုန်းကျေးရွာမှာလည်း စုဆောင်းရေးဆွဲခံရတဲ့ တောင်သူလယ်သမားအများအပြားလည်း ရှိနေပြီး လယ်လုပ်ငန်းခွင်အတွင်းထဲထိ ဝင်ရောက်ခေါ်ဆောင်နေကြောင်း သိရပါတယ်။ 

မိုးညှင်းမြို့အနီးမှာ SSIA ၊ ပြည်သူ့စစ်၊ စစ်တပ် ၊ SNA  ၊ KIA ၊ PDF  စတဲ့လက်နက်ကိုင်တပ်ဖွဲ့ (၆)ဖွဲ့ ထိ ရှိနေပြီး တပ်သားသစ်တွေကို တပ်ဖွဲ့အားလုံးက စုဆောင်းနေကြတာလည်းဖြစ်ပါတယ်။ 

ကချင်ပြည်နယ်က မြို့နယ်တိုင်းနီးပါးမှာ လက်နက်ကိုင်တပ်ဖွဲ့အသီးသီးက စစ်သားစုဆောင်းမှုတွေရှိနေပြီး ဗန်းမော်၊ မိုးမောက်မြို့နယ်တွေမှာတော့ ကျေးရွာတစ်ရွာကို လူ (၃၀) အထိ KIA+PDF တပ်ဖွဲ့တွေက တောင်းခံမှုတွေရှိနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *