ဒီဇင်ဘာ ၁၉ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် နားယကာကျေးရွာအနီးမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့် KIA+PDF ပူးပေါင်းတပ်တို့ကြား ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံများထံမှ စုံစမ်းသိရှိရပါတယ်။
“ ဗန်းမောက်အခြေအနေကတော့ မနေ့က တိုက်ပွဲနည်းနည်းဖြစ်တယ်။ နားယကာ အထွက်ဘက်မှာ နာရီဝက်ကျော်ကျော်လောက်ပေါ့ ၊ လောလောဆယ်ဗန်းမောက်မြို့ကလူတွေကတော့ ပြေးနေတဲ့အနေအထားမှာရှိနေတယ် တော်တော်များများ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ဗန်းမောက်မြို့နှင့် တစ်မိုင်အကွာရှိ နားယကာကျေးရွာမှာ SNA နှင့် KIA+PDF ပူးပေါင်းတပ်တို့ကြား မိနစ်သုံးဆယ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကာ ထိခိုက်မှုအနည်းငယ်ရှိခဲ့တယ်လို့သိရပါတယ်။
ဗန်းမောက်မြို့ပေါ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။
လက်ရှိ ဗန်းမောက်မြို့ပေါ်က ဒေသခံတွေဟာ တိုက်ပွဲများ နှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုအပါအဝင် စစ်သားစုဆောင်းရေး အကြောင်းပြချက်များဖြင့် မြို့ကနေ ထွက်ခွာတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
ဒေသခံတွေဟာ မန္တလေးမြို့ ၊ စစ်ကိုင်းတိုင်းအောက်ပိုင်း နဲ့ ဗန်းမောက်မြို့နယ်အတွင်းရှိ ကျေးရွာတချို့မှာ တိမ်းရှောင်နေကြတာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းမှာ မြို့သိမ်းတိုက်ပွဲဖြစ်ပေါ်မည့် သတင်းကြောင့် မြို့ပေါ်ရှိ ဒေသခံသုံးပုံနှစ်ပုံကျော်ဟာ မြို့မှ နှစ်ပတ်ကြာတိမ်းရှောင်ခဲ့ပြီး နိုဝင်ဘာလမှာ မြို့ပေါ်ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
ဗန်းမောက်မြို့၏ အနောက်ခြမ်းဒေသကို SNA က ထိန်းချုပ်ထားပြီး တောင်ပိုင်းဒေသ နှင့် မြောက်ပိုင်းဒေသကို KIA+PDF ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၃ ခုနှစ်ကတည်းက ထိန်းချုပ်ထားပါတယ်။