ဗန်းမောက်မြို့နယ် အနောက်ပိုင်းမံလူဒေသစိတ်မှာတိုက်ပွဲဆက်လက်ပြင်းထန်နေဆဲ

မေ ၂၂ ၊ ဗန်းမောက် 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ် မံလူဒေသစိတ်တွင်  KIA+PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ (၄) ရက်တိုက်ဖြစ်ပွားနေပြီး ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။ 

တိုက်ပွဲလေးရက်သာအတွင်း စစ်ကောင်စီက လေကြောင်းကနေ (၄)ကြိမ်ထက်မနည်း လေကြောင်းပစ်ကူတွေဖြင့် တိုက်ခိုက်မှုတွေပြုခဲ့ကြောင်း တိုက်ပွဲဖြစ်စဉ်ကို သိသည့် ဒေသခံများ၏ ပြောဆိုမှုအရသိရသည်။ 

ဗန်းမောက်အနောက်ပိုင်း မံလူဒေသစိတ် ထုံးတောင်မှာ KIA+PDF တပ်ပေါင်းစုများနှင့်  စစ်ကောင်စီတပ်တို့ ယမန်နေ့  မေလ ၂၁ ရက်နေ့မှာ  နံနက် (၁၁)  နာရီကစ (၃)  နာရီအထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ညနေပိုင်း ၅ နာရီ အချိန်မှာ  စစ်ကောင်စီတပ်က လေကြောင်းကနေ လေယာဥ်သုံးစီးနဲ့ လာရောက်တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေကပြောဆိုသည်။ 

“ဖြစ်တာက ထုံးတောင်မှာ။ ဒီဘက်တောင်ကို ပိုနီးလာပြီ။ ၁၁ နာရီကနေ ၃ နာရီလောက်မှာ အသံတွေက ငြိမ်သွားတယ်။ အဲ့ဒီနောက်  ၅ နာရီ ဝန်းကျင်မှာတော့ လေယာဥ် သုံးစီးလောက်လာပြီး လာချသွားတယ်။” လို့ မံလူဒေသစိတ် ဒေသခံတစ်ဦးကပြောပြပါတယ်။ 

တိုက်ပွဲကြောင့် နှစ်ဖက်စလုံးအထိအခိုက်ရှိနေပြီး နှစ်ဖက် စစ်ရေး တင်းမာမှုတွေကြောင့် စစ်ဘေးရှောင်တွေများစွာရှိနေတယ်လို့ သိရသည်။  

စစ်ရှောင်တွေ ဗန်းမောက်မြို့ဘက်ကိုတိမ်းရှောင်ချင်ကြပေမယ့် KIA+PDF တွေက တားထားသလို ဗန်းမောက်ကိုသွားသည့်လမ်းပိုင်းဖြစ်သည့် ကြောင်လည်ကျေးရွာမှာလည်း စစ်ကောင်စီတပ်တွေက ပေးမဝင်ကြောင်း ဒေသခံတွေရဲ့ ပြောဆိုမှုအရသိရသည်။ 

“ အခုပါထွန်ရွာမှာ တစ်ယောက်မှ မရှိတော့ဘူးတဲ့။ သူတို့(KIA+PDF)က စီကတောင်ထဲဘက်ကိုပို့ချင်တာ၊ သူများ(စစ်ရှောင်)တွေက အဲ့ဒီဘက်က လူအရမ်းများတော့ စစ်ဘေးရှောင်တွေ အရမ်းများတယ် စားဝတ်နေရေးက အဆင်မပြေတော့ သူများ(စစ်ရှောင်)တွေက ဒီဘက်ကို ထွက်ချင်တာ အဲ့လို ဒီဘက်က ကလမ်းလည်း သာတော့ စစ်ရှောင်တွေက ဒီဘက်(ဗန်းမောက်ဘက်)ကို ထွက်ချင်တာ။ ထွက်မယ်ဆိုလည်း မရဘူး။” လို့ ပါထွန်ကျေးရွာဒေသခံ စစ်ရှောင်အမျိုးသမီးတစ်ဦးကပြောပြသည်။ 

နှစ်ဖက်တိုက်ပွဲ ပြင်းထန်မှုတွေကြောင့် တော်လှန်ရေးအင်အားစုများက ဗန်းမောက်မြို့အနောက်ပိုင်းကို ခရီးသွားလာခွင့် ၅ ရက် ပိတ်ပင်ထားဆဲလို့လည်းသိရသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *