ဗန်းမောက်မြို့အနီးတိုက်ပွဲကြောင့်အရပ်သားတစ်ဦးသေဆုံးပြီးလူနေအိမ်တစ်လုံးလက်နက်ကြီးထိမှန်

ဖေဖော်ဝါရီ ၂၈ ၊ ဗန်းမောက် 

  စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့အနီး မြစ်သေးချင်းကျေးရွာအတွင်းမှာ စစ်ကောင်စီတပ်နှင့် PDF တို့ တိုက်ပွဲဖြစ်ပွားပြီး လူနေအိမ်တစ်လုံး လက်နက်ကြီးထိမှန်ခဲ့တယ်လို့သိရပါတယ်။ 

  ဗန်းမောက်မြို့ အောင်သာကုန်းရပ်ကွက်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုတွေက မြစ်သေးချင်းကျေးရွာဘက်ကနေ ယနေ့ ဖေဖော်ဝါရီလ မနက်ပိုင်း ၆ နာရီဝန်းကျင်မှာ သွားရောက်ပစ်ခတ်ရာကနေ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာလို့ ဒေသခံသတင်းအရင်းအမြစ်တစ်ဦးထံကနေ သိရှိရပါတယ်။

“အောင်သာကုန်းကနေ ဒီဘက် မြစ်သေးချင်း ဘုန်းကြီးကျောင်းအကျော် တောထဲလား ဘာလား မပြောတတ်ပါဘူး။ အဲ့ဒီကနေ ပစ်ကြတယ် ပြောတာပါ့။ သေနတ်ကတော့ မပါဘူးတဲ့။ အမြှောက်တွေနဲ့ ပြောတာပါ့။ ဟိုဘက် အမြှောက် ဒီဘက်အမြှောက်နဲ့ နေမှာပါ့။”

  လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်ကြရာမှာ မြစ်သေးချင်းကျေးရွာထဲ လူနေအိမ်တစ်လုံး လက်နက်ကြီးထိမှန်ပြီး မီးလောင်ကျွမ်းမှု ရှိခဲ့တယ်လို့လည်း အဆိုပါ သတင်းအရင်းက ထပ်မံပြောပြပါတယ်။  

“မြစ်သေးချင်းရွာထဲ အိမ်တစ်လုံးကို ကျတယ်ပြောတာပါ့။ အိမ်တစ်လုံးကတော့ မီး နည်းနည်းလောင်တယ်လို့ ပြောတာပါ့။ အိမ်ပေါ်ကို ကျတယ်ပြောတာပါ့။”

  မြစ်သေးချင်းကျေးရွာက အရပ်သား  ဦးဝင်းမောင်ကို တော်လှန်ရေးအင်အားစုဘက်က ပစ်သတ်ထားတာရှိတယ်လို့ မြစ်သေးချင်းရွာသားတွေက ပြောပါတယ်။ 

ဒါ့အပြင်် ဦးဝင်းမောင်ရဲ့ ချွေးမကိုလည်း ခြေထောက်တွင်ကျည်ထိမှန်ဒဏ်ရရှိထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *