သြဂုတ် – ၁၂
ဗန်းမောက်မြို့တွင် ယနေ့နံနက် ၉ နာရီအချိန်ခန့်က PDF အဖွဲ့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီခန့် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကျော်မင်းဟန် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
” ဆောက်လုပ်ရေးဝင်းအရှေ့မှာ ပစ်ခံရတာ။ သုံးချက်ပစ်တာ ။”ဟု ပစ်ခတ်မှု ဖြစ်စဥ်နှင့် အနီးဝန်းကျင်တွင်ရှိနေခဲ့သည့် ဒေသခံတစ်ဦးကပြောကြားသည်။
အဆိုပါပစ်ခတ်မှုကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF က ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း Bamauk Revolution -BR က အတည်ပြုထုတ်ပြန်ထားသည်။
PDF + ပကဖ များအနေဖြင့် မြို့နယ် ပညာရေးမှူးရုံး ၊ မြေစာရင်းရုံး ၊ ဆောက်လုပ်ရေးရုံး ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး နှင့် ရဲစခန်းတို့ကို ပစ်ခတ်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်းလည်းသိရသည်။
အဆိုပါပစ်ခတ်မှုများကြောင့် PDF အဖွဲ့ဝင်တစ်ဦး တင်ပါးနှင့် ဖနှောင့်တွင် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်းBR-team က ထုတ်ပြန်သည်။
နံနက် ၁၀ နာရီခန့် ပစ်ခတ်မှု အပြီး PDF ဆိုင်ကယ်သုံးစီးဖြင့် မြစ်သေးချင်းကျေးရွာဘက်သို့ ထွက်ခွားသွားခဲ့ကြောင် းမျက်မြင်တွေ့ရှိခဲ့သူအချို့ကပြောကြားသည် ။
” အရပ်ဝတ်တွေနဲ့ပဲ ဆိုင်ကယ်သုံးစီး တစ်စီးကို သုံးယောက်စီ စီးပြီးထွက်သွားတာ ။ သေနတ်တွေလည်းပါတယ် ”ဟု ပြည်သူတစ်ဦးကဆိုသည် ။
အဆိုပါ PDF များသည့် နေ့ခင်း ၁၁ နာရီခွဲခန့်တွင် မြို့အနီးသို့ ထပ်မံဝင်ရောက်လာပြီး ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွား ခဲ့ရာ နေ့ခင်း ၁ နာရီဝန်းကျင်အထိ ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ညနေပိုင်းတွင် ပစ်ခတ်မှုများ ငြိမ်သက်သွားသော်လည်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာမည့် လက္ခဏာတွေ့နေရပြီး မြို့ခံပြည်သူလူထု အနေဖြင့် အလွန်အမင်းစိုးရိမ်နေကြကြောင်းလည်း သိရသည်။