ဧပြီ ၂၂ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့ပေါ်မှာ ဓာတ်ဆီတစ်လီတာကို သုံးထောင်ကျပ်အထိမြင့်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ မနေ့က ဆီသွားထည့်တာ တစ်လီတာကို သုံးထောင်ဖြစ်နေပြီ ၊ ဆီသွားလုဝယ်ကြတာတော့မရှိဘူး။ ဆီစျေးကတော့ တက်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဗန်းမောက်မြို့နယ်အတွင်းမှာ မနေ့ကစပြီး စက်သုံးဆီစျေးနှုန်းတွေမြင့်တက်သွားခဲ့တာဖြစ်ပြီး အကြောင်းအရင်းကိုတော့ မသိကြဘူးလို့ဆိုပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းမှာ စက်သုံးဆီပြတ်လပ်နိုင်တဲ့ သတင်းတွေကြောင့် ဝယ်ယူသူများပြားလာပြီးတဲ့ရက်ပိုင်းမှာပဲ နယ်မြို့တွေက ဆီစျေးကွက်က မြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။
ဗန်းမောက်မြို့နယ်က ရွှေမှော်တွေမှာ တစ်လီတာ လေးထောင်ကျပ်ကနေ ငါးထောင်ကျပ်အထိပေးပြီး ဝယ်ယူသုံးစွဲနေရတယ်လို့လည်း သိရပါတယ်။