အောက်တိုဘာ ၅ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ လာရောက်တိုက်ခိုက်မှု ယမန်နေ့ညက ထပ်မံ ဖြစ်ပွားခဲ့ကြောင်းသိရသည်။
“ညကိုးနာရီခွဲလောက်ကနေ တစ်နာရီကျော်ကျော်အထိဖြစ်တာ။ လက်နက်ကြီးတွေနဲ့ရော ပစ်တာ ။ လာပစ်တဲ့အင်အားများတယ် ။ မြို့ထဲကတွေရော ကျုံးတောင်ခြေကနေရော ပစ်တာ ” ဟု ဗန်းမောက်မြို့နေ ပြည်သူတစ်ဦးက ဆိုသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှုနှင့် ပျက်စီး ဆုံးရှုူံးမှု စာရင်းမသိရသေးချေ။
ဗန်းမောက်မြို့ ရဲစခန်းပစ်ခတ်ခံရမှု မကြာခဏ ဖြစ်လေ့ရှိသော်လည်း အင်အားအလုံးအရင်းဖြင့် ပစ်ခတ်ခံရမှုသည် စက်တင်ဘာလအတွင်းက တစ်ကြိမ်နှင့် ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်းလည်း သိရသည်။
ထို့ပြင် စက်တင်ဘာလ ၃ ရက်နေ့မှ စ၍ ဗန်းမောက်မြို့နယ် တောင်ပိုင်းဒေသတွင်လည်း စစ်ကောင်စီတပ်နှင် PDF တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများပါ လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။
“မနေ့က ညနေကတည်းက ပေပင်ကျောက်အိုင်နားမှာ ဖြစ်နေတာ ။ ဒီနေ့ဆို တစ်နေကုန် လက်နက်ကြီးသံတွေကြားရတယ်။ ညနေ ၅ နာရီကျော်ကျော်လောက်မှာ လေယာဉ်ပျံလာပြီးဗုံးကြဲသွားတာ မိုးကြိုးပစ်သလိုပဲ။” ဟု အောက်တိုဘာလ ၄ ရက်နေ့က ဆက်သွယ်မေးမြန်းရာတွင် ဗန်းမောက်ဒေသခံ တစ်ဦးကဆိုသည်။
ဗန်းမောက်ဒေသခံတော်တော်များများကလည်း ဗန်းမောက်မြို့နယ်တောင်ပိုင်းဒေသတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်မှာ မှန်ကန်ကြောင်း အတည်ပြုပြောကြားသည်။
လတ်တလောတွင် ဗန်းမောက်မြို့နယ်အတွင်းသို့ စစ်ကောင်စီ စစ်ကြောင်းများဝင်ရောက်လာနေပြီး တိုက်ပွဲများဆက်လက် ပြင်းထန်လာနိုင်သည့် အခြေအနေရှိနေကြောင်းလည်း သိရသည်။