မတ် ၈ ၊ ဗန်းမော်
စစ်ကောင်စီတပ်နဲ့ KIA+PDF ပူးပေါင်းတပ်ဖွဲ့တို့ရဲ့ တိုက်ပွဲဖြစ်ပွားနေသည့် နေရာတွေနဲ့ နီးကပ်နေတဲ့ ဗန်းမော်တက္ကသိုလ်က ဆရာ/မများ၊ ဝန်ထမ်းများ နဲ့ အဆောင်နေကျောင်းသား/သူများကို မတ်လ ၇ ရက်နေ့ညမှာ ရွေ့ပြောင်းခဲ့တယ်လို့ သိရပါတယ်။
“ တက္ကသိုလ်က နမ့်ဖားထဲမှာရှိတယ်။ စစ်တပ်က မြို့ထဲကိုသွားခေါ်ခဲ့ပြီ။ နန့်လိုင်တို့မှာ တိုက်ပွဲဖြစ်နေတာ။ အဲ့တာကြောင့်မို့၊ တက္ကသိုလ်က ကျောင်းသားတွေနဲ့ ဆရာမတွေကို မြို့ထဲကိုရွေ့ခဲ့တယ်” လို့ ဗန်းမော် ဒေသခံတစ်ဦးပြောပါတယ်။
မတ်လ ၇ ရက်နေ့ည ၉ နာရီဝန်းကျင်အချိန်မှစ ည ၁၁ နာရီအထိ ဆရာ/မ တွေနဲ့ ကျောင်းသား/သူတွေကို စစ်ကောင်စီတပ်တွေက ခေါ်ထုတ်သွားတာဖြစ်တယ်လို့သိရပါတယ်။
ဗန်းမော်တက္ကသိုလ်ရှိတဲ့နေရာနဲ့ တိုက်ပွဲဖြစ်ပွားတဲ့ နန့်လှိုင်ကျေးရွာဟာ ၅ မိုင်အကွာခန့်တာရှိတာကြောင့် စစ်ကောင်စီတပ်ဘက်က ခေါ်ထုတ်သွားတာဖြစ်တယ်လို့ ဒေသခံများထံမှသိရပါတယ်။
ဗန်းမော်တက္ကသိုလ်ဝင်းအတွင်းမှာ စစ်ကောင်စီတပ်တွေက တပ်စွဲနေထိုင်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ဗန်းမော်တက္ကသိုလ်မှာ ပညာသင်ယူနေတဲ့ ကျောင်းသား/သူ တစ်ထောင်ကျော်ရှိပြီး ဝန်ထမ်းအင်အား ရာနှင့်ချီရှိတဲ့ တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။
KIA+PDF ပူးပေါင်းတပ်တွေဟာ စစ်ကောင်စီရဲ့ မြို့သစ်တံတား ၊ လဂျားယန်တံတားမှာရှိတဲ့ စစ်ကောင်စီရဲ့ကာကင်းစခန်းတွေကို မတ်လ ၇ ရက်နေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။
စစ်ကောင်စီဘက်က မတ်လ ၇ ရက်နေ့ ညမှ ဒီနေ့မတ်လ ၈ ရက်နေ့အထိ ဗန်းမော်အမြောက်တပ်မှလည်း လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။