နိုဝင်ဘာ ၂၉ ၊ ဗန်းမော်
မကြာသေးမီ နိုဝင်ဘာလ(၂၆)ရက်နေ့က ဗန်းမော်မြို့ရှိလေယာဉ်ကွင်းအတွင်း KIA+PDF ပူးပေါင်းတပ်ဖွဲ့များရဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီးနောက် ယနေ့အထိလေယာဉ်ခရီးစဉ်များအားလုံး ရက်အကန့်အသတ်မရှိ ရပ်နားထားဆဲဖြစ်တယ်လို့ ဒေသခံများထံမှသိရပါတယ်။
“ လေယာဉ်လိုင်းတွေအားလုံးပိတ်ထားတယ် ကြေညာတာကတော့ ရက်ကိုအတိအကျအကန့်အသတ်နဲ့ အဲ့သလိုမကြေညာဘူး အခြေအနေကောင်းရင်ပြန်ဖွင့်မယ်အဲ့လိုပဲပြောတာ”လို့ ဗန်းမော်မြို့တွင်းနေထိုင်သူတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။
လေယာဉ်ခရီးစဉ်တွေအပါအဝင် ဗန်းမော်မြို့က ဌာနဆိုင်ရာရုံးတွေလည်း အခုရက်တွေမှာ ဖွင့်လှစ်ခြင်းမရှိဘူးလို့လည်း ဆိုပါတယ်။
ဗန်းမော်မြို့နဲ့ ၁၀ မိုင်အကွာမှာရှိတဲ့ မိုးမောက်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပြန်လည်ဖြစ်ပွားနေတာဟာ (၂)လနီးပါးကြာမြင့်လာပြီဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်က စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဗန်းမော်မြို့ရဲ့အများပြည်သူခရီးသွားတဲ့နေရာတွေနဲ့ ဌာနဆိုင်ရာရုံးတို့လိုနေရာတွေကို အဓိကထားတိုက်ခိုက်နေတာဖြစ်ကြောင်း သိရပါတယ်။
“ ဗန်းမော်နယ်ဘက်ကတော့ အဓိကကဟိုဘက်မိုးမောက်ဘက်မှာ တိုက်ပွဲသွားဖြစ်နေတာ မိုးမောက်ဘက်ဖြစ်တော့သူတို့က(တော်လှန်ရေးတပ်) ဒီဗန်းမော်မြို့ထဲကို ဝင်လို့ရသလောက်ဝင်ပြီးမှ ရှော့တိုက်ဒုံးနဲ့ဝင်ဝင်ပစ်တာ ဒီလိုမျိုးတွေလုပ်တာပေါ့ လေယာဉ်ကွင်းတို့ဘာတို့ကတော့ သူတို့ရဲ့အဓိကပစ်မှတ်တွေပေါ့’ဟု သူကဆိုပါတယ်။
ဗန်းမော်လေယာဉ်ကွင်းအတွင်း ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့မှာလည်း လေယာဉ်ပြေးလမ်းပေါ် ရှော့တိုက်ဒုန်းကျရောက်ပေါက်ကွဲမှုကြောင့် တစ်လနီးပါးကြာ လေယာဉ်ပြေးဆွဲမှု ရပ်နားခဲ့ရတာလည်းဖြစ်ပါတယ်။
ဗန်းမော်မြို့နယ်မှာ တိုက်ပွဲများကြောင့် ကုန်းကြောင်း နှင့် ရေကြောင်းလမ်းများအားလုံး မတ်လနောက်ပိုင်းကစလို့ ပိတ်ခဲ့ပြီး လေကြောင်းလိုင်းကိုသာ ကူးသန်းသွားလာရေး နဲ့ ကုန်စည်တင်ပို့ရေးကို အဓိကထားအသုံးပြုနေရတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ရရှိခဲ့တဲ့ မိုးမောက်မြို့နယ်က ခမရ (၄၃၇)တပ်စခန်းကိုလည်း စစ်ကောင်စီတပ်ဖွဲ့များ ပြန်လည်တိုက်ခိုက်ရရှိထားတာ တစ်ပတ်နီးပါးကြာမြင့်နေပြီဖြစ်သလို ဗန်းမော်မြို့ကိုလည်း ပြင်းပြင်းထန်ထန်ခုခံကာကွယ်မှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။