ဇန်နဝါရီ ၃၀ ၊ ဗန်းမော်
ဗန်းမော်မြို့ ရွှေကျီးနားရပ်ကွက် နှင့် စင့်ကင်ကျေးရွာကို ကူးလူသွားလာနိုင်ဖို့ ဒေသခံတွေ ကိုယ်ထူကိုယ်ထ တည်ဆောက်ထားတဲ့ ဝါးတံတားကို စစ်ကောင်စီကဖျက်ချခိုင်းခဲ့တဲ့အတွက် ဒေသခံတွေ သွားလာရေးခက်ခဲတယ်လို့ ဆိုကြပါတယ်။
“ တံတားကို ဖျက်ခိုင်းတာပေါ့ အဲ့ဒါတော့ ဘယ်လိုရည်ရွယ်ချက်နဲ့ဖျက်တာလဲတော့ ကျနော်အသေချာမသိဘူးဗျ။ ဖျက်ချလိုက်တာတော့ ဟုတ်တယ်” လို့ ဒေသခံတစ်ဦးကပြောပြပါတယ်။
ဗန်းမော်မြို့ခံ ဒေသခံတစ်ဦးပြောပြချက်အရ စစ်ကောင်စီတပ်က လုံခြုံရေးအရ ဖြုတ်ချခိုင်းတာကြောင့် ၎င်းစင့်ကင်တံတားကို ဖြုတ်ထားရတာဖြစ်ပြီး ဆက်သွယ်သွားလာရေး ပိုမိုနှေးကွေးသွားစေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
“ အဲ့တံတားကို ပြန်ဖြုတ်ထားဆိုတော့ ဖြုတ်ထားရတာ ၊ တိုင်တွေဘာတွေဖြုတ် ပျဉ်တွေဘာတွေ ပြန်သိမ်းထားရတာပါ့အေး၊ အခြေနေက ဟိုဘက်က တောဘက်ကတွေလာရင် လွယ်လွယ်ကူကူ မလာနိုင်အောင်လုပ်ခိုင်းတာ၊ ဖြုတ်ခိုင်းတာက၊ ငါတို့ သွားရလာရတဲ့သူတွေ ဒုက္ခရောက်တာပါ့ကွာ” လို့ ဗန်းမော်မြို့နယ် ဒေသခံတစ်ဦးက ပြောပြပါတယ်။
တံတားမရှိတော့တဲ့အတွက် ဒေသခံတွေက စက်လှေတွေနဲ့ ဖြတ်ကူးနေရကာ ခရီးကြန့်ကြာမှုတွေဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“ မော်တော်နှင့် ဟိုဘက်ကမ်းဒီဘက်ကမ်း ကူးနေတာပါ့အေး ၊ နှေးတာပါ့အေး ၊မော်တော်က ရေကြောင်းကြပ်တဲ့ခါကြတော့ ဒီလောက်လေးပါပဲ မော်တော်က တစ်စီးတည်းဆိုတော့ နောင့်နှေးတာပါ့ တံတားနဲ့ဆိုတော့ တစ်ခါတည်းဖြတ်တစ်ခါတည်းရောက်တာပေါ့၊ နေမကောင်းထိုင်မသာဖြစ်ရင်တော့ ပြာတာပေါ့” လို့ ၎င်းက ဆက်ပြောပြပါတယ်။
မော်တော်ရေယဉ်ဖြင့် ဖြတ်သန်းသွားလာတာက နှေးကွေးလွန်းတာကြောင့် ၎င်းတံတားကို နှစ်စဉ်ပြုလုပ်လေ့ရှိကာ ကျေးရွာ ၁၀ ရွာကျော်က အဓိကအသုံးပြုဖြတ်သန်းသွားလာနေကြာတာလဲဖြစ်ပါတယ်။
စင့်ကင်တံတားဟာ ယာယီဝါးတံတားတစ်ခုဖြစ်ပြီး အရှည်ပေ ၁၇၀၀ ကျော်ရှိတဲ့ တံတားတစ်စင်းဖြစ်ပါတယ်။
၁၉၇၄ ခုနှစ်ကစပြီး နှစ်စဉ် ဆောင်း ရာသီနှင့် နွေရာသီကာလမှာ သွားလာရေးလွယ်ကူဖို့ရည်ရွယ်ပြီး ဒေသခံများက ကိုယ်ထူကိုယ်ထ တည်ဆောက်ကြတဲ့ တံတားတစ်စင်းလည်းဖြစ်ပါတယ်။