ဗန်းမော်မြို့မှာ ရှမ်းနှစ်သစ်ကူးနှင့် ရှမ်းနီရိုးရာကောက်ဦးဆွမ်းကပ်ပွဲကို အကျဉ်းချုံးသာပြုလုပ်မည်

 ဗန်းမော်မြို့နယ်မှာ လာမယ့် ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ကျရောက်မယ့်  ၂၁၁၈ ခုနှစ် ရှမ်းနှစ်ကူးပွဲတော်နှင့် ရှမ်းနီရိုးရာ ကောက်ဦးဆွမ်းကပ်လှူပွဲကို လုံခြုံရေးအခြေနေများကြောင့် အကျဉ်းချုံးသာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

 “ နမ့်ဖား သီရိသစ္စဘုန်းတော်ကြီးကျောင်းမှာ လုပ်မှာလေ နှစ်သစ်ကူးအထိမ်းမှတ်ပွဲက နှစ်တော်လဆန်း ၁ ရက်နေ့ မနက် ၈ နာရီလောက်ကနေစပြီးတော့မှ ဆွမ်းကြီးလောင်းမယ် ၁၀ ခွဲလောက်ဆို ဆွမ်းကပ်မယ်ပေါ့နော် ‘’လို့ ဗမော်မြို့ ဒေသခံ ရှမ်းနီစာပေယဉ်ကျေးမှုကော်မတီဝင်တစ်ဦးက ပြောပြပါတယ်။

 လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေးအခြေအနေများကြောင့် အထိမ်းအမှတ်အဖြစ် ဆွမ်းကပ်လှူသွားမှာဖြစ်ပြီး  ကျေးရွာ ၂၀ ခန့်လောက်သာ ဖိတ်ခေါ်ထားပြီး ကောက်ဦးဆွမ်းလှူမှုအတွက် သံဃာတော် ၇၀ ဝန်းကျင်ခန့်သာ ပင့်ဖိတ်ထားနိုင်တယ်လို့လဲ ပြောပြပါတယ်။ 

 ရှမ်းနီလူမျိုးများ ပြန့်နှံ့နေထိုင်တဲ့ မြန်မာပြည်မြောက်ပိုင်းဒေသမှာ လက်ရှိနိုင်ငံရေးပဋိပက္ခများကြောင့် ရှမ်းနှစ်သစ်ကူးပွဲကို ပြုလုပ်နိုင်ခြင်း မရှိကြတော့ပဲ ရိုးရာမပျက်စေရန် အထိမ်းအမှတ်အဖြစ်သာ ပြုလုပ်ကြတာဖြစ်ကြောင်းသိရပါတယ်။ 

 လွန်ခဲ့တဲ့  ၂၀၁၈ ခုနှစ် ရှမ်းနှစ် ၂၁၁၃ က ကချင်ပြည်နယ် ဗန်းမော်မြို့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းလိုင်, တိုင်းနိုင်း (ရှမ်းနီ) ရှမ်းနှစ်သစ်ကူးနှင့် ရှမ်းနီရိုးရာကောက်ဦးဆွမ်းကပ်ပွဲတော် ပြုလုပ်ခဲ့ပြီး ၎င်းမှ ၂၀၁၉ခုနှစ် ရှမ်းနှစ် ၂၁၁၄ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့နယ်မှာ နိုင်ငံလုံးဆိုင်ရာ သျှမ်းနှစ်သစ်ကူးနှင့် ကောက်ဦးဆွမ်းကပ်လှူပွဲ ကို ပြုလုပ်ခဲ့တာလဲ ဖြစ်ပါတယ်။

 တစ်နိုင်ငံလုံးဆိုင်ရာ ရှမ်းနှစ်သစ်ကူးနှင့်ရှမ်းနီရိုးရာကောက်ဦးဆွမ်းကပ်လှူပွဲကို မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသက အလှည့်ကျ ကျင်းပခွင့် အလံလွဲပြောင်းရယူထားပေမယ့်  ကိုဗစ်ကာလမှ နိုင်ငံရေးပဋိပက္ခများကြောင့် ကျင်းပဖို့ ထပ်မံ့ရွေ့ဆိုင်းထားတာလည်းဖြစ်ပါတယ်။

 ၂၁၁၈ ခုနှစ် နှစ်သစ်ကူးပွဲကို ရှမ်းနီဒေသ ၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအားလုံးနှင့် ရှမ်းပြည်တောင်ပိုင်းဒေသတချို့မှာ တိုက်ပွဲကြောင့် ကျင်းပနိုင်ခြင်းမရှိပဲ ရိုးရာယဉ်ကျေးမှုများအရ ဆွမ်းကပ်လှူမှုများသာ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *