မတ် ၁၉ ၊ ဗန်းမော်
ဗန်းမော်ခရိုင်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဗန်းမော်မြို့ကနေ တခြားဒေသတွေဆီကို ပြောင်းရွေ့မှုများလာနေတယ်လို့ ဒေသခံများထံကနေ သိရပါတယ်။
“ဗန်းမော်ကတော့ ကားသမားတွေက ထွက်နေကြတာပဲ တစ်စီးကနေ နှစ်စီး ထွက်နေကြတာပဲ ၊ မနေ့ကလဲ လေယာဉ် ၅ စီးတောင်ထွက်ရတယ်” လို့ ဗန်းမော်မြို့ခံတစ်ဦးက ပြောပြပါတယ်။
မတ်လ ၁၅ ရက်နေ့ နောက်ပိုင်း လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲပြီးနောက် ခရီးသွားများ မြင့်တက်လာနေတာလည်းဖြစ်ပါတယ်။
အများစုက မန္တလေး၊ရန်ကုန် စတဲ့မြို့ကြီးတွေကို ဒေသတွင်း တိုက်ပွဲအခြေနေများကြောင့် တိမ်းရှာင်မှုများနှင့် သင်္ကြန်ကာလ အလည်အပတ်သွားရောက်မှုတွေလည်း ပါဝင်တယ်လို့သိရပါတယ်။
“ ပြောင်းတာ ပြောင်းတာ ခဏရွေ့ကြတာပေါ့ မန္တလေးပြန်တာပေါ့ဗျာ သင်္ကြန်ပြန်တာပေါ့၊ ဒီက သတင်းမကောင်းတာနဲ့ပြန်ကြတာပေါ့၊ ကားတွေက ဆယ်ဂိတ်လောက်ရှိတာ တစ်ဂိတ်ကို နှစ်စီးလောက်ထွက်တယ်” လို့ ဗန်းမော်ဒေသခံသတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။
ဗန်းမော်ခရိုင်အတွင်းက မြစ်ကြီးနား-ဗန်းမော်ကားလမ်းပိုင်းရှိ မိုးမောက်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နှင့် KIA+PDF ပူးပေါင်းတပ်တို့ကြား နှစ်ပတ်ကျော်ကြာ တိုက်ပွဲဆက်ဖြစ်ပွားနေဆဲလည်းဖြစ်ပါတယ်။