![](https://www.shannivoice.com/wp-content/uploads/2024/12/470601013_122195789426161309_7344824838593421875_n.jpg)
ဒီဇင်ဘာ ၁၈ ၊ ဗန်းမော်
ဗန်းမော်မြို့ပေါ်မှာ ဒီဇင်ဘာလ(၁၈)ရက်နေ့ထိ မြို့သိမ်းတိုက်ပွဲဖြစ်ပွားမှုဟာနှစ်ပတ်တင်းတင်းပြည့်လာတာဖြစ်ပြီး လက်ရှိအချိန်ထိနှစ်ဘက်တိုက်ပွဲတွေက အားကောင်းနေဆဲဖြစ်တယ်လို့ စစ်ဘေးတိမ်းရှောင်လာသူဒေသခံများထံမှ သိရပါတယ်။
“ ကျွန်တော်ကြားတာကတော့ မနေ့တုန်းကတော့ဆေးရုံနားမှာ တိုက်ပွဲဖြစ်တယ်လို့ပြောတယ် ဟိုဘက်ကအဖွဲ့(KPDF)တွေ ဆေးရုံဘက်ကိုလာကြတာနဲ့ စစ်သား(စစ်ကောင်စီ)တွေက သတင်းရလို့သွားတိုက်တယ် ဒါကြောင့်ဆေးရုံနားမှာတိုက်ပွဲတော်တော်ဖြစ်သွားကြတယ်ပြောတယ် မြို့ကိုတော့သူတို့မသိမ်းနိုင်သေးဘူး မြို့ထဲမှာ စစ်သားတွေနေရာယူထားတာအများကြီးရှိသေးတယ်လေ’ ဟု ရွှေကူမြို့သို့ စစ်ဘေးတိမ်းရှောင်လာသူ ဗန်းမော်မြို့သားတစ်ဦးက ရှမ်းနီအသံကို အခုလိုပြောပြပါတယ်။
မနေ့က ဒီဇင်ဘာ(၁၇)ရက်နေ့က ဗန်းမော်မြို့ဆေးရုံကြီးအနီးမှာ ပြည်သူ့ကာကွယ်ရေး KIA+PDFတပ်ဖွဲ့များနဲ့ စစ်ကောင်စီတပ်ဖွဲ့များတို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်ကျဆုံးမှုများပြားခဲ့တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့မှုတွေရှိခဲ့ကြောင်း သိရပါတယ်။
နှစ်ဖက်မြို့တွင်းတိုက်ပွဲတွေကြောင့် လူနေအိမ်မီးလောင်မှုများရှိနေသလို စစ်ဘေးတိမ်းရှောင်သူများရဲ့နေအိမ်တွေ ခိုးယူဖောက်ထွင်းခံရမှုများနဲ့ မြို့ကနေတိမ်းရှောင်ထွက်ခွာလာသူလူငယ်များကို လမ်းပိုင်းမှာ KPDF တပ်ဖွဲ့များက စုဆောင်းဖမ်းဆီးခေါ်ဆောင်ခြင်းတွေလည်းရှိနေတယ်လို့ ဆိုကြပါတယ်။
စစ်ရှောင်အများစုက ရွှေကူမြို့နယ် နဲ့ မန္တလေးမြို့သို့ တိမ်းရှောင်ကြပြီး မိုးညှင်း၊မိုးကောင်း၊လွယ်ဂျယ်၊မြစ်ကြီးနားမြို့ စတဲ့မြို့တွေဘက်သို့လည်း အသီးသီးတိမ်းရှောင်သူတွေရှိနေပါတယ်။
“ စစ်ရှောင်စခန်းတွေတော့သီးသန့်မရှိဘူး ဘုန်းကြီးကျောင်းတွေမှာပဲ မန္တလေးဘက်ဆိုလည်း မန္တလေးမှာစစ်ရှောင်စခန်းမရှိဘူးလေး ဘုန်းကြီးကျောင်းတို့မှာ ဒီလိုပဲအဆင်ပြေသလို လာတည်းလာနေအဲ့လိုပဲလုပ်ကြရတာပေါ့” ဟု မန္တလေးမြို့ရှိ ဘုန်းတော်ကြီးကျောင်းတစ်ခုအတွင်း ခိုလှုံနေသူ ဗန်မော်မြို့သားတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့များဘက်က ဗန်းမော်မြို့ကို လက်မလွှတ်စေရေး လူအင်အား၊ ရေကြောင်း၊လေကြောင်းတို့ဖြင့် ပူးပေါင်းတပ်ဖွဲ့များရဲ့ထိုးစစ်ဆင်မှုတွေကို အပြင်းအထန်ခုခံတိုက်ခိုက်နေတာကိုလည်း တွေ့ရပါတယ်။