ဒီဇင်ဘာ ၁၃ ၊ မြစ်ကြီးနား
မြန်မာနိုင်ငံအတွင်းမှာ ၂၀၂၃ ခုနှစ် နဲ့ နှိုင်းယှဉ်မယ်ဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဘိန်းစိုက်ပျိုးမှုတွေ ကျဆင်းလာပေမယ့် ထိပ်ဆုံးနိုင်ငံများစာရင်းမှာ ဆက်လက်ရပ်တည်နေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ (UNODC) က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
၂၀၂၃ ခုနှစ်ထက် ဘိန်းစိုက်ပျိုးမှုဟာ ၄ ရာခိုင်နှုန်းကျဆင်းသွားခဲ့ပေမယ့် စိုက်ပျိုးမှုဟာ 111691.63 ဧက (၄၅,၂၀၀ ဟက်တာ) မှာဆက်ရှိနေဆဲလည်းဖြစ်ပါတယ်။
ဘိန်းစိုက်ပျိုးမှုကိုကြည့်မယ်ဆိုရင် ရှမ်းပြည်နယ်ဟာ ဘိန်းစိုက်ပျိုးမှုအများဆုံးဖြစ်ပြီး တစ်နိုင်ငံလုံးရဲ့ ရာခိုင်နှုန်း ၈၀ ကျော်အထိရှိနေတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် ဘိန်းထုတ်လုပ်မှုအနေနဲ့ ရှမ်းပြည်နယ်ဟာ ဒီနှစ်ထဲမှာ တန် ရှစ်ရာကျော် ထုတ်လုပ်ခဲ့ပြီး ကချင်ပြည်နယ် အပါအဝင် တခြားဒေသတွေက တန်ငါးဆယ်ကျော် ထုတ်လုပ်ခဲ့တာဖြစ်တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
ဒုတိယအများဆုံး ဘိန်းစိုက်ပျိုးရာ ကချင်ပြည်နယ်အတွင်းမှာ တရုတ်-မြန်မာနယ်စပ်တလျှောက် နဲ့ ဟူးကောင်းချိုင့်ဝှမ်းဒေသတွင်းမှာ ဧက တစ်သောင်းကျော်စိုက်ပျိုးထားတယ်လို့ UNODC ရဲ့ သုတေသနစာတမ်းက ဖော်ပြပါတယ်။
ကရင်နီ(ကယား)ပြည်နယ် နဲ့ ချင်းပြည်နယ်တွေမှာ ဘိန်းစိုက်ပျိုးမှုတွေ မြင့်တက်လာခဲ့ပြီး ကချင်ပြည်နယ်ကတော့ ဘိန်းစိုက်ပျိုးမှုတွေလျော့ကျလာနေတယ်လို့ စာတမ်းရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဘိန်းစိုက်ပျိုးမှုတွေဟာ သိသိသာသာလျှော့ကျသွားခြင်းမရှိတဲ့အကြောင်းအရင်းဟာ စားဝတ်နေရေးအခက်အခဲကြောင့်လို့ အဓိက ပြောဆိုကြပြီး ဘိန်းစိုက်ပျိုးမှုကနေရတဲ့ ငွေကြေးတွေနဲ့သာ စားသောက်နေထိုင်ရေးကို ဖြေရှင်းနေရတာဖြစ်တယ်လို့ ဆိုထားပါတယ်။