
ဇန်နဝါရီ ၁၄ ၊ မင်းကင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့အတွင်းမှာ ယခင်ကရှိခဲ့တဲ့ မြို့နယ်ဆရာဝန်တစ်ဦးဟာ တာဝန်ထမ်းဆောင်ခြင်းမရှိတော့တာကြောင့် ပြင်းထန်တဲ့ကျန်းမာရေးကိစ္စရပ်များအတွက် ကလေးမြို့သို့သာ သွားရောက်ကုသကြရတယ်လို့ ဒေသခံများထံမှသိရပါတယ်။
“ ဖျားတာနာတာလောက်ပဲပါ့ ခွဲစိတ်တာဘာညာတော့မရဘူး လွှဲရမယ့်ဟာဆိုလွှဲတာပေါ့ ၊ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွားနိုင်တဲ့သူတွေကျတော့လည်း သွားကြတာပေါ့၊ သွားမရတဲ့သူတွေကျဒီအတိုင်းနေနေရတာပါ့ တောင်းတာကိုချမပေးဘူး လာမယ့်ဆရာဝန်တွေက အလုပ်ထွက်ကုန်ကြတာလေ’ဟု မင်းကင်းမြို့ပေါ် နေထိုင်သူတစ်ဦးက ရှမ်းနီအသံကိုပြောပြပါတယ်။
လစ်လပ်သွားတဲ့ ဆရာဝန်နေရာမှာ ဆရာဝန်တောင်းဆိုခဲ့ပေမယ့် ရောက်ရှိလာခြင်းမရှိသေးသလို မင်းကင်းမြို့နယ်အတွင်းက နှစ်ဖက်တိုက်ပွဲပြင်းထန်မှုတွေကြောင့် အခုလိုဆရာဝန်များ လာရောက်တာဝန်ထမ်းဆောင်ခြင်းမရှိတာဖြစ်ကြောင်း ဒေသခံများက ဆိုကြပါတယ်။
မြို့ပေါ်နေထိုင်တဲ့ဒေသခံတွေအပြင် မြို့နယ်အတွင်းရှိ ကျေးရွာဒေသခံအားလုံး ကလေးဝ၊ကလေးမြို့များသို့သာ သွားရောက်ကုသနေကြရပြီး လမ်းခရီးအခက်အခဲများစွာရှိနေကြတယ်လို့ သိရပါတယ်။
မင်းကင်းမြို့နယ်ရဲ့ (၂၀၂၃)ခုနှစ် ဒေသဆိုင်ရာအချက်အလက်အရ လူဦးရေ(၁)သိန်းကျော်အတွက် ကုတင်(၅၀)ခန့် မြို့နယ်ပြည်သူ့ဆေးရုံတွင် အထွေထွေရောဂါကုဆရာဝန်(၁)ဦး၊ သူနာပြု(၅)ဦးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ပိုင်းကနေစပြီး သူနာပြုများဖြင့်သာ လည်ပတ်နေကြရတာလည်း ဖြစ်ပါတယ်။
မြို့နယ်အတွင်းမှာတော့ တီဘီရောဂါအဖြစ်များပြီး (၂၀၂၃)ခုနှစ်အတွင်းမှာ (၂)ဦးသေဆုံးခဲ့တာကို ဒေသဆိုင်ရာအချက်အလက်စာရင်းအရ သိရပါတယ်။