မဏိပူရမှာဖမ်းဆီးခံထားရတဲ့မြန်မာနိုင်ငံသားတချို့ပြန်လွှတ်ဖို့ရှိနေ

ဩဂုတ် ၂၀ ၊ အိန္ဒိယ 

အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရပြည်နယ်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတချို့ကို အခုရက်ပိုင်းအတွင်း အိန္ဒိယဘက်က ပြန်လွှတ်ပေးဖို့ရှိနေတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။ 

“ အခုရက်ပိုင်းအတွင်း ဖြစ်မယ်လို့မျှော်လင့်ရပါတယ်။ ကလေးမြို့နဲ့ အညာဒေသက ယက်ကန်းလာခတ်ရင်းအဖမ်းခံရတဲ့ မိသားစုတွေလည်း လွတ်လာလိမ့်မယ်။ တမူးမိုးရေလ်နယ်စပ်ကနေ လွဲပြောင်းပေးမယ်လို့ သိရပါတယ်” လို့ ဖမ်းဆီးခံရသူများ လွတ်မြောက်ရေး ကူညီပေးနေသူ တစ်ဦးက အီးမေလ်ပေးပို့ပြောဆိုခဲ့ပါတယ်။ 

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှာ ၂၀၂၃ ခုနှစ်စက ဖမ်းဆီးခံရတဲ့ ယက်ကန်းလုပ်ကိုင်နေသူ ၁၀၀ နီးပါးရှိပြီး အခုပြန်လွှတ်ပေးမယ့် အစီအစဉ်မှာ မည်မျှပြန်လွတ်ပေးမယ်ဆိုတာ မသိရှိရသေးပါဘူး။ 

မဏိပူရပြည်နယ်ထဲမှာ  ဖမ်းဆီးထားသူ ၂၁၀ ကျော်ရှိခဲ့ပြီး အိန္ဒိယနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ ဖမ်းဆီးပြီး အင်ဖာမြို့ စဂျဝါ အကျဉ်းထောင်မှာဖမ်းဆီးချုပ်နှောင်ထားတာလည်းဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လကုန်မှာလည်း တိုက်ပွဲကြောင့်  မြန်မာနိုင်ငံသား (၇၀၀)ကျော်ဟာ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် ချန်ဒလ်ခရိုင်ထဲကို ထွက်ပြေးခိုလှုံခဲ့ကြပြီး သူတို့တွေကို အိန္ဒိယဘက်က ချက်ခြင်းနေရပ်ပြန်ပို့ဖို့ ညွှန်ကြားမှုတွေရှိခဲ့ပါတယ်။ 

ဒါ့အပြင် ထွက်ပြေးတိမ်းရှောင်သူ မြန်မာနိုင်ငံသားတွေရဲ့ Bio Data ၊ ကိုယ်ရေးအချက်အလက်များကို အိန္ဒိယအစိုးရက အတိအကျကောက်ယူသိမ်းဆည်းခဲ့တာလည်းဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ထဲကို မြန်မာနိုင်ငံသား လူငါးထောင်ကျော် ၊ မီဇိုရမ်ပြည်နယ်ထဲကို သုံးသောင်းခွဲကျော် ထွက်ပြေးတိမ်းရှောင်ခဲ့တယ်လို့ အိန္ဒိယ သတင်းတွေမှာဖော်ပြထားပါတယ်။ 

ဩဂုတ်လ ၁၉ ရက်နေ့မှာလည်း လူမျိုးရေးပဋိပက္ခဖြစ်ပွားနေတဲ့ မဏိပူရပြည်နယ်ကနေ မြန်မာနိုင်ငံဘက်ကို ထွက်ပြေးတဲ့ ကသည်းလူမျိုးစု လေးရာကျော်ဟာ အိန္ဒိယနိုင်ငံထဲကို ပြန်လည်ဝင်ရောက်သွားပြီလို့ အိန္ဒိယဘက်က ပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *