ဩဂုတ် ၁၇ ၊ ဖားကန့်
ဖားကန့်မြို့နယ် မနမှော်ကျေးရွာတွင် မြေစာပုံပြိုကျမှုမှာ ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေတာ (၄ )ရက်ကြာမြင့်ခဲ့ပြီဖြစ်ပြီး အလောင်း(၃၃)လောင်းကို တွေ့ရှိထားပြီးနောက် ရှာဖွေကယ်ဆယ်ရေးပြုလုပ်မှုကို ရပ်နားလိုက်ပြီဖြစ်တယ်လို့ ဒေသခံများထံမှ သိရပါတယ်။
သြဂုတ်လ (၁၃) ရက်နေ့မှစ၍ (၁၆)ရက်နေ့ထိ ကယ်ဆယ်ရေးပြုလုပ်ခဲ့တာဖြစ်ပြီး ယနေ့ (၁၇)ရက်နေ့မှာ ရှာဖွေရေးရပ်နားလိုက်တာပဲဖြစ်ပါတယ်။
“ အခုမိသားစုဝင်အတော်များများအားလုံးက သူ့ဟာနဲ့သူတွေ့တဲ့လူကတွေ့ သွားတဲ့ခါကျတော့ လက်ရှိကျန်နေတဲ့မိသားစုဝင်တွေက အသင်းပေါင်းစုံလာလုပ်နေတာကို တစ်စီစီနဲ့ ကျမတို့ဟာကိုရှာပေးပါအူးဘာညာ ဘယ်သူမှလာမပြောပါဘူး” ဟု မနမှော်ကျေးရွာ ဒေသခံတစ်ဦးက ပြောပြပါတယ်။
မြေစာပုံပြိုကျမှုပြီးနောက် လာရောက်တိုင်ကြားထားသော ပျောက်ဆုံးစာရင်းက (၃၉)ဦးရှိရာ ယခုပျောက်ဆုံးနေသူ (၆)ဦးကို တွေ့ရှိရန်ကျန်ရှိသေးပေမယ့် ကယ်ဆယ်နေသူများ ပင်ပန်းနွမ်းနွယ်နေမှုနဲ့ ရှာဖွေမှုမှာ အခက်အခဲများရှိလာမှုတွေကြောင့် ရပ်နားလိုက်တာဖြစ်ကြောင်း ဆိုကြပါတယ်။
“ ရာသီဥတုက ခနနေကျရင် မိုးကဝေါဆိုသည်းလာပြန်ပြီ ချောင်းပေါက်ရေတွေကကျလာပြန်ပြီ သာမန်သွားနေတဲ့ ချောင်းပေါင်းတွေကနေ မြေပြိုတာရှိတယ် အခုလက်ရှိမြေပြိုထားတဲ့နေရာကနေ ပြိုတာရှိတယ် မလွယ်ဘူးလေ’ဟု ၎င်းကဆိုပါတယ်။
ရှာဖွေကယ်ဆယ်ရေးပြုလုပ်နေတဲ့ လေးရက်တာမှာ နေ့စဉ်မိုးရွာသွန်းခဲ့တာဖြစ်ပြီး တစ်ရက်အတွင်း (၅)နာရီခန့်သာ ရှာဖွေကယ်ဆယ်နိုင်တာဖြစ်တယ်လို့သိရပါတယ်။