မဟာမိတ်တပ်ပေါင်းစုကို တပ်ဖွဲ့ (၁၉) ဖွဲ့နဲ့ စတင်ဖွဲ့စည်း

ဒီဇင်ဘာ ၁၆ ၊ စစ်ကိုင်း 

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု Spring Revolution Alliance (SRA)ကို ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ နိုင်ငံတစ်ဝန်းက တော်လှန်ရေးတပ်ဖွဲ့ (၁၉)ဖွဲ့နဲ့ ပူးပေါင်းတည်ထောင်ခဲ့ပြီးဖြစ်ကြောင်း ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ  ကြေညာလာပါတယ်။ 

SRA ဖွဲ့စည်းနိုင်ဖို့  တော်လှန်ရေးတပ်ဖွဲ့(၇)ဖွဲ့တို့ဟာ ၂၀၂၅ ခုနှစ် မေလက ကနဦး  စတင်ဆောင်ရွက်ခဲ့ကြပြီး တော်လှန်ရေးအင်အားစုများက နောက်ထပ် ညီလာခံတစ်ခုကို  ပြည်တွင်းကတစ်နေရာမှာ  နိုဝင်ဘာလ (၂၁)ရက်နေ့ကနေ (၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်ကာ သဘောတူညီခဲ့ကြတာလို့ဆိုပါတယ်။ 

ညီလာခံကနေ အဖွဲ့ဝင်(၁၉)ဖွဲ့ပါဝင်တဲ့ SRA ကိုဖွဲ့စည်းနိုင်ခဲ့ပြီး တပ်ပေါင်းစုရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းများ ၊ရှေ့လုပ်ငန်းစဉ်ချမှတ်ခြင်းနဲ့  တော်လှန်ရေးကတိကဝတ် လက်မှတ်ရေးထိုးခြင်းများ ပြုလုပ်ခဲ့ကြောင်း ဆိုပါတယ်။

SRA မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ချင်းညီနောင်(CB)၊ 96 soldiers PDF၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF)၊ ဗမာ့တပ်တော်(BA)၊ ဗမာ့လွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ယောတပ်တော်(YA)နဲ့ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) စတဲ့(၁၀)ဖွဲ့တို့အပါအဝင် နောက်ထပ်(၉)ဖွဲ့ပါဝင်ထားပါတယ်။

ဒီအဖွဲ့အများစုဟာ EROs တပ်တွေနဲ့ ပူးတွဲ စစ်ရေးလှုပ်ရှားပြီး နယ်မြေစိုးမိုးမှု အသင့်အတင့်ရရှိထားကြတာလည်းဖြစ်ပါတယ်။ 

တပ်ပေါင်းစုမှာ အင်အားသောင်းနဲ့ချီရှိနေကြောင်းလည်းပြောဆိုထားပြီး နောက်ထပ်အဖွဲ့အစည်းတွေနဲ့လည်း ချိတ်ဆက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ်လမှာလည်း နိုင်ငံလုံးဆိုင်ရာတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု NRA ကိုဖွဲ့စည်းမှုရှိခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *