မိုင်းနောင်နဲ့မမုန်ကိုင်ကျေးရွာအနီးရှိရွှေလုပ်ကွက်တွေကဘတ်ဟိုး  ၄၇စီးပိုင်ရှင်မဲ့ဖမ်းဆီးမိတယ်လို့ဆို 

အင်းတော်ကြီးဒေသက ဖမ်းဆီးရမိတဲ့ ဘတ်ဟိုးများ

အောက်တိုဘာ ၁၀ ၊​ အင်းတော်ကြီး 

အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာနဲ့ မမုန်ကိုင်ကျေးရွာအနီးမှာရှိိတဲ့ ရွှေလုပ်ကွက်တွေဆီကနေ ဘတ်ဟိုး ၄၇ စီးကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိတယ်လို့ သိရိပါတယ်။ 

စစ်တပ်က အောက်တိုဘာ ၆ ရက်နေ့ကတည်းက ၉ ရက်နေ့အထိ  ရွှေတူးဖော်တဲ့နေရာတွေက ဘတ်ဟိုးဖမ်းဆီးမှုတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ 

မမုံကိုင်ရွာနဲ့ မိုင်းနောင်ရွာတစ်ဝိုက်တရားမဝင်ရွှေတူးဖော်နေမှုတွေကို ရှောင်တခင်ဝင်ရောက်စီးနင်းရာ နေရာ ၁၃ နေရာမှ ဘတ်ဟိုး ( ၄၇ ) စီးကို ပိုင်ရှင်မဲ့ ဖမ်းဆီးနိုင်ကြောင်း စစ်ကောင်စီ သတင်းတွေဘက်မှာ ဖော်ပြထားပါတယ်။ 

ဒီလိုဖမ်းဆီးမှုတွေကြောင့် ရွှေတူးဖော်မှုတွေအားလုံးရပ်နားထားကြပြီး တချို့တိမ်းရှောင်နေကြတယ်လို့ တူးဖော်နေသူတွေဆီကနေ သိရပါတယ်။ 

“ ဘတ်ဟိုးဖမ်းတာ ဟုတ်တယ် ၃ ရက်ရှိပြီ  စစ်တပ်ကဖမ်းတာ၊ လုပ်ကြတဲ့သူတွေတော့မရှိတော့ဘူး ပုန်းနေကြတယ်”​လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။ 

အာဏာသိမ်းပြီးနောက်ပိုင်း အင်းတော်ကြီးဒေသက ရွှေထွက်တဲ့နေရာတွေမှာ ရွှေတူးဖော်မှု သိသိသာသာတိုးလာပြီး စက်ယန္တရားကြီးတွေနဲ့ပါ အသုံးပြုပြီး တူးဖော်နေကြတာလည်းဖြစ်ပါတယ်။ 

ဒေသခံတွေရဲ့ ပြောဆိုမှုအရ မိုင်းနောင်နဲ့မမုန်ကိုင်ကျေးရွာအနီး ရွှေတူးဖော်နေတဲ့ ဘတ်ဟိုးအစီးရေပေါင်း တစ်ရာကျော်ရှိတယ်လိို့လည်း သိရပါတယ်။ 

ရွှေတူးဖော်တဲ့ဘတ်ဟိုးဖမ်းဆီးမှုတွေက ယခင်အရပ်သားအစိုးရလက်ထပ်တွေမှာလည်း မှာဖမ်းဆီးမှုတွေရှိခဲ့ပြီး အတန်ကြာသိမ်းဆည်းထားပြီးနောက် ပြန်လည်ထုတ်ပေးခဲ့မှုတွေလည်းရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *