မိုင်းနောင်နဲ့မမုန်ကိုင်ကျေးရွာမှာရွှေမျှောအဆမတန်များပြားလာ

မိုင်းနောင်ကျေးရွာအနီးက ရွှေမျှောတွေကြောင့် ပျက်စီးနေသည့် သဘာဝပတ်ဝန်းကျင်များ

ဇွန် ၆ ၊ အင်းတော်ကြီး 

အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာနဲ့ မမုန်ကိုင်ကျေးရွာတွေမှာ ရွှေမျှောတွေ အဆမတန်များပြားလာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

“ ၅ ဆလောက်ကိုများလာမယ်နော် ငါတို့လည်း သေချာမသုံးသပ်တတ်လို့ ၊ လာခဲ့ရင်တောင်မှ မျက်စိလည်သွားအုံးမယ်။  ငါတို့ဒီမှာနေတာ တစ်ရက်နဲ့တစ်ရက်ဟာ ၊ ဒီအတိုင်းပစ်ထားတဲ့ ငါတို့အိမ်နောက်ဘေးဟာ အကုန်လုံးတွယ်ကုန်ပြီး ပြန်လှန် ၊​ အခုတောင် ယန္တရားတစ်ရာကျော်လောက်ရှိမယ်”​ လို့ဒေသခံတစ်ဦးကဆိုပါတယ်။​

မိုင်းနောင်ကျေးရွာနဲ့ မမုန်ကိုင်ကျေးရွာ အနောက်ဘက်ခြမ်းမှာ ရွှေမျှောတွေကို ၁၉၈၀ ဝန်းကျင်ကအစောပိုင်းကတည်းက တူးဖော်လာခဲ့ကြတာဖြစ်ပြီး ၂၀၁၆ ဝန်းကျင်မှာကနေစ ရွှေမျှောတွေ ပြန်လည်လျှော့နည်းလာခဲ့တာလည်းဖြစ်ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် ရွှေမျှောလုပ်ကိုင်မှုက အတားအဆီးမရှိ တဖန်ပြန်မြင့်တက်လာပြီး ယခင်က တူးဖော်ပြီးသားကျင်းဟောင်းနေရာတွေမှာလည်း ပြန်လည်တူးဖော်မှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ 

“ ဒါကိုအခွင့်အရေးတစ်ခုလို့ သူတို့ယူဆတယ်။​ဘာလို့လဲဆိုတော့ ဒီအချိန်အခါမှာ  ဌာနဆိုင်ရာတွေလည်း ဘာမှမတားနိုင်ဘူးလေ  ။ ဒီအတိုင်းကြည့်နေရတာပါ့အေး” လို့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပြပါတယ်။ 

စားဝတ်နေရေးကြပ်တည်းမှုတွေထက် ဒီအချိန်ကို အခွင့်ကောင်းယူပြီး တူးဖော်ကြတာဖြစ်ကာ မြန်မာစစ်တပ်နဲ့ KIA ကို တူးဖော်မှုအတွက် ငွေကြေးပေးရတယ်လို့ သိရပါတယ်။

မိုင်းနောင်ကျေးရွာလယ်ကနေ ဖြတ်စီးသွားတဲ့ မိုင်းနောင်ချောင်းက အင်းတော်ကြီးကန်ထဲကို တိုက်ရိုက်စီးဝင်တာဖြစ်ပြီး ရွှေမျှောတွေကနေ စွန့်ပစ်တဲ့ မျှောမြှီးစာတွေလည်း ဒီချောင်းထဲကိုသာ စွန့်ပစ်နေတာဖြစ်ပါတယ်။ 

နှစ်စဉ်မိုးရာသီမှာ ရေကြီးရေလျှံဖြစ်တတ်တဲ့ မိုင်းနောင်ချောင်းအနီးက နေအိမ်တွေမှာ ဒီနှစ်လည်း ယခင်နှစ်တွေထက် ရေနစ်မြှုပ်မှုပိုဖြစ်ပွားလာနိုင်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ 

အင်းတော်ကြီးဒေသမှ ဒီကျေးရွာနှစ်ခုအပြင် အနောက်ကမ်းက နမ့်မီးလောင် ၊ ညောင်ပင် စတဲ့ကျေးရွာအနောက်ဘက်တွေမှာလည်း ရွှေမှော်တွေနဲ့ စည်ကားနေတယ်လို့ စုံစမ်းသိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *