ဒီဇင်ဘာ ၁၁ ၊ မိုးညှင်း
မိုးညှင်းမြို့ ရွာသစ်ကုန်းကျေးရွာတွင်နေထိုင်သည့် မိသားစုလေးဦးဟာ နွားထွက်ရှာစဉ် မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရကာ မြစ်ကြီးနားဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရပြီး အကူအညီများလိုအပ်နေတယ်လို့ သိရပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် ဒေါ်ခင်စန်းဝင်း(ခ)ဒေါ်မနီ မှာ ခါးနှင့်လက်မောင်း၊ သားအငယ်မှာ ခြေထောက်ထိခိုက်၊ မောင်အောင်ရဲလင်းမှာ နှုတ်ခမ်းနှင့်ခြေထောက်ထိခိုက်ဒဏ်ရာရပြီး မြစ်ကြီးနားဆေးရုံမှာ ဒီဇင်ဘာလ ၈ ရက်နေ့မှာ ခွဲစိပ်ကုသနေရတယ်လို့သိရပါတယ်။
“ အကူအညီကလိုအပ်တာပေါ့၊ဘာမှကိုမရှိကြဘူး။သူတို့မိသားစုတွေကိုတိုင်လည်းဘာမှမရှိဘူး။သူ့ယောကျာ်းကလည်းတံခါးစောင့်တဲ့အလုပ်ပဲလုပ်တာ။သူကနွားအငှားကျောင်းပေးတဲ့သူလုပ်တာဆိုတော့အကူအညီကတော့လိုကိုလိုတာ” လို့၎င်းမိသားစုဝင်နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
ဆေးကုသနေရသည့် ဒေါ်ခင်စန်းဝင်းကလည်း ကိုယ်ဝန်လွယ်ထားပြီး မွေးဖွားခါနီးဖြစ်တယ်လို့ မိသားစုဝင်များထံမှ သိရပါတယ်။
၎င်းတို့မိသားစုအတွက် Shan Youth Waingmaw (ဝိုင်းမော်ရှမ်းလူငယ်အဖွဲ့) ငွေကြေးတချို့ နှင့် အကူအညီသွားရောက်ပေမယ့် အကူအညီတွေ ဆက်လုပ်လိုအပ်နေဆဲလို့လည်း ၎င်းအဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“ ဆေးကုသမှုအခက်အခဲကတော့လိုအပ်နေတဲ့ပုံစံတော့ရှိအူးမှာပဲလိုကိုလိုအပ်နေတယ်သူတို့ကြည့်ရတာသူတို့အတွက်အကူအညီလေးတွေပိုပြီးပေးနိုင်ရင်တော့ကောင်းတာပေါ့လေ” ဟုငွေကြေးအကူအညီသွားရောက်ကူညီပေးခဲ့တဲ့ Shan Youth Waingmaw (ဝိုင်းမော်ရှမ်းလူငယ်အဖွဲ့) ကလူငယ်တစ်ဦးကပြောပြပါတယ်။
၎င်းတို့အဖွဲ့အစည်းက ပြီးခဲ့တဲ့နှစ်ရက်အတွင်းမှာ သွားရောက်ကူညီခဲ့ကြတာဖြစ်ပြီး ၎င်းတို့ရောက်ရှိချိန် မူစလင်အဖွဲ့အစည်းတစ်ခုကလည်း အဆိုပါမိသားစုကို ငွေကြေးလာရောက်လှူဒါန်းကူညီမှုတွေ ရှိနေသည်ဟု ဆိုပါတယ်။
အဆိုပါမိုင်းပေါက်ကွဲမှုဟာ ပြီးခဲ့သည့် ဒီဇင်ဘာလ (၆)ရက်နေ့ မနက်ကိုးနာရီအချိန်မှာ မိုးညှင်းတက္ကသိုလ်နဲ့ ထန်းတပင်ကျေးရွာကြားရှိ မြို့ရှောင်လမ်းကတ္တရာလမ်းမပေါ်တွင် ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။
ဒီမိုင်းပေါက်ကွဲမှုနှင့်ပတ်သက်ပြီး မိုးညှင်း KPDF က စစ်ကောင်စီရဲ့ တိုက်မှိုင်းလို့ပြောဆိုထားပြီး စစ်ကောင်စီဘက်က PDF များရဲ့မိုင်းလို့ ပြောဆိုထားပါတယ်။