ဧပြီ ၉ ၊ မိုးကုတ်
မန္တလေးတိုင်းဒေသကြီး မိုးကုတ်-ပြင်ဦးလွင်- ကျောက်မဲ လမ်းစုံရှိ လယ်ကြီးစစ်ဆေးရေးဂိတ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့တွေက ဧပြီလ ၇ ရက်နေ့မှာ တိုက်ခိုက်ခဲ့တယ်လို့ မိုးမိတ်ခရိုင် KPDF က သတင်းထုတ်ပြန်ပါတယ်။
“ မနေ့က လယ်ကြီးဂိတ်စခန်းတိုက်ခိုက်ခံရတာဟုတ်တယ်။ အဲ့ဘက်လမ်းကြောအခြေအနေမကောင်းဘူး။ နှစ်ရက်တောင်ရှိနေပြီအဲ့နားတိုက်ခိုက်ခံရတာ” လို့ မိုးကုတ်ဒေသခံတစ်ဦးက ပြောပြပါတယ်။
လယ်ကြီးစစ်ဆေးရေးဂိတ်ကို KIA၊ KPDF ၊ PDF( NUG )၊ ကျောင်းသားတပ်မတော်( A.B.S.D.F )၊ ရှမ်းမြောက်ဒေသ မဟာမိတ်တပ်ပေါင်းစုတို့မှ ပူးပေါင်းစစ်ဆင်ရေးအဖြစ် ဧပြီလ (၇) ရက်နေ့ နံနက် (၇) နာရီကျော်အချိန်မှာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ KPDF ရဲ့ ထုတ်ပြန်မှုအရသိရပါတယ်။
ဒီတိုက်ခိုက်မှုဟာ စစ်ကောင်စီဘက်က ထိခိုက်မှုရှိတယ်လို့ ထုတ်ပြန်ပေမယ့် အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ဒီစစ်ဆေးရေးဂိတ်ဟာ လက်နက်တွေနဲ့ မူးယစ်ဆေးဝါးတွေကို မကြာခဏဖမ်းဆီးရမိနေတဲ့ ဂိတ်တစ်ခုဖြစ်သလို စစ်ဆေးရေးတင်းကြပ်တဲ့ ဂိတ်တစ်ခုလည်းဖြစ်ပါတယ်။
လယ်ကြီးစစ်ဆေးရေးဂိတ်ဟာ မိုးကုတ်-ပြင်ဦးလွင်-ကျောက်မဲလမ်းဆုံပေါ်မှာရှိပြီး စစ်သား၊ရဲ နှင့် စအဖများ ဂိတ်ထိုင် သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်တဲ့ TNLA , SSPP တို့တည်ရှိသည့်နေရာနှင့် မိုင်အနည်းငယ်သာ ကွာဝေးတဲ့ ဂိတ်တစ်ခုလည်းဖြစ်ပါတယ်။