ဖေဖော်ဝါရီ ၂၆ ၊ မိုးကောင်း
မိုးကောင်းမြို့နယ်အတွင်းမှာ တစ်လကျော်အတွင်း စပါးစျေးတွေဟာ တစ်သောင်းနီးပါးစျေးမြင့်တက်လာပြီး စျေးမငြိမ်မသက်ဖြစ်ပေါ်နေတယ်လို့ စပါးကုန်သည်တွေဆီကနေ သိရပါတယ်။
မိုးကောင်းမြို့နယ်အတွင်း စိုက်ပျိုးမှုများပြားတဲ့ ငွေတိုး၊ဘေးကြား စပါးအမျိုးအစားတွေဟာ ဇန်နဝါရီလမှာ တစ်တင်းလျှင် တစ်သောင်း တစ်ထောင်ကျပ်ရှိရာကနေ ဖေဖော်ဝါရီလ တတိယအပတ်ထဲမှာ နှစ်သောင်းကျပ်အထိ မြင့်တက်လာခဲ့တယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။
“ နဂိုကနမှ စပါးအထွက်မှ လျော့တဲ့အတွက်ကြောင့် စပါးကလည်းရှားတယ်။ အဲ့ရှားနေတဲ့အတောအတွင်းကိုမှ တအားလှောင်လိုက်ကြလိုက်ကြတဲ့အခါတော့ တော်တော်လေးစပါးရှားပြီးတော့ စျေးတက်တဲ့အနေအထားပေါ့နော်။ တောင်သူတွေဘက်ကနေ ပြန်ကြည့်မယ်ဆိုရင်လည်း ကုန်ကျစရိတ်တအားကြီးတယ်လေနော်။ မြေဩဇာစျေးတွေကလည်း တက်တာပေါ့နော် ပြန်ကြည့်ရင်အဖက်ဖက်ကနေ တက်နေတာ” လို့ မိုးကောင်းမြို့နယ်ထဲက ဆန်စက်ပိုင်ရှင်တစ်ဦးက ပြောပြပါတယ်။
မိုးကောင်းမြို့နယ်အတွင်း ထွက်ရှိတဲ့ ဆန်တွေ ပူတာအိုခရိုင်၊ တနိုင်းခရိုင် နဲ့ ဖားကန့် မြို့ တွေသာ နှစ်စဉ်ပို့ဆောင်ရောင်းချနေရပေမယ့် ဒီနှစ်အတွင်းမှာ မြန်မာနိုင်ငံ အလယ်ပိုင်းက မတ္တရာ၊ မန္တလေး ၊ ရှမ်းပြည်ဘက်က ဝယ်ယူမှုတွေ ရှိလာတယ်လို့ဆိုပါတယ်။
ဒါ့အပြင် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပြန်ဖွင့်လာပြီးတဲ့နောက် စပါးစျေးတွေဟာ ချက်ခြင်းပြန်မြင့်တက်လာတာလို့လည်း ဆိုပါတယ်။
“ အခုတရုတ်ပြည်ဘက်က နည်းနည်းဖွင့်ပြီလို့ အသံကြားပြီးနောက်ပိုင်းကို စျေးက ထိုးတက်သွားတယ်။ တစ်ရက်ကို စပါးစျေးက ငါးရာနှုန်းတက်တယ်။ စျေးနှုန်းက တစ်ရက်တစ်မျိုးတက်တာလည်း တစ်ခါမှ မကြုံဖူးဘူး” လို့ သူက ဆက်ပြောပြပါတယ်။
လက်ရှိ မိုးကောင်းမြို့နယ်အတွင်းမှာ တောင်သူတွေလက်ထဲ စပါးရှားပါးနေပြီး စပါးဝယ်လှောင်ထားသူတွေရဲ့ လက်ထဲမှာသာ စပါးရှိနေတာဖြစ်တယ်လို့ သိရပါတယ်။
မိုးကောင်းမြို့နယ်မှာ စပါးစိုက်ပျိုးဧက ခုနှစ်သောင်းခွဲကျော်ရှိပြီး စပါးတင်းပေါင်း ငါးသန်းခွဲကျော်ထွက်ရှိတဲ့ ဒေသတစ်ခုလည်းဖြစ်တယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။။