ဒီဇင်ဘာ၂၃၊မိုးညှင်း
မိုးညှင်းမြို့နယ်အတွင်းမှာ လူငယ်အများစု မူးယစ်ဆေးဝါးသုံးစွဲနေကြပြီး ဖမ်းဆီးမှုတွေရှိနေပေမယ့် ထိရောက်မှုမရှိဘူးလို့ ဒေသခံရပ်မိရပ်ဖတွေက ပြောဆိုကြပါတယ်။
မိုးညှင်း ၊ဟိုပင် ၊ အင်းတော်ကြီးဒေသရှိ လူငယ်တွေအများစုနဲ့ အခြေခံပညာအထက်တန်းကျောင်းသားတချို့ဟာလည်း မူးယစ်ဆေးကို သုံးစွဲနေကြတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
“ ဒီဘက်မှာတွေလည်း တက်သစ်စလူငယ်တိုင်းလိုလိုနဲ့ မိဘစကားသိပ်နားမထောင်တဲ့လူငယ်တွေ အယောက်စီတိုင်းလိုလိုကိုက သုံးစွဲနေကြတာ။ ရောင်းတာလည်း ပိုပိုများလာတယ် တစ်ချို့တွေကပျော်လို့ သူငယ်ချင်းတွေနဲ့ ပါသွားတာ အေ့လိုတွေဖြစ်နေတာ။ တစ်ခါတစ်လေ စာသင်ကျောင်းထဲမှာတောင် အသက်နဲနဲကြီးတဲ့ကျောင်းသားတွေ သုံးနေကြတယ်လို့ကြားမိတယ် ” လို့ အင်းတော်ကြီးဒေသက ရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ မိုးညှင်းမြို့ပေါ်နဲ့ ကျေးရွာတွေအပါအဝင် အင်းတော်ကြီးဒေသတွေမှာ မူးယစ်ဆေးရောင်းဝယ်မှုနဲ့ သုံးစွဲမှုတွေလည်း ပိုပိုများပြားလာတယ်လို့ ဒေသခံတွေရဲ့ပြောဆိုမှုတွေအရ သိရပါတယ်။
မူးယစ်ဆေးဝါးသုံးစွဲ ရောင်းဝယ်မှုတွေများပြားလာမှုတွေကြောင့်လည်း ဒေသတွင်းမှာ ခိုးမှု နဲ့ လုယက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုမှုအရ သိရပါတယ်။
လုယက်မှုတွေဟာလည်း မြို့ပေါ်လူစည်ကားတဲ့ နေရာတွေအထိဖြစ်ပေါ်နေသလို မြို့ဝင်မြို့ထွက်နဲ့ လူပြတ်တဲ့လမ်းပိုင်းနေရာတချို့မှာ ဖြစ်ပွားတာလို့ လုယက်ခံရသူတချို့က ဆိုကြပါတယ်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ဖမ်းဆီးနေယုံတင်မကပဲ ပညာပေးရတဲ့လုပ်ငန်းတွေပါ ပြုလုပ်ရမှာဖြစ်တယ်လို့လည်း မှတ်ချက်ပြုကြပါတယ်။
“ ဒီဘက်မှာက လယ်သမားတွေဆိုတော့ တချို့တွေက နောင်ပေးတွေရောင်း စားထားကုန်တာဆိုတော့ မိဘတွေဆိုအိမ်ကိုတောင်စပါးပြန်မတိုက်ရတဲ့ ဟာတွေလည်းရှိနေတာပါ့ ဒီဟာတွေကို ဖမ်းဆီးယုံနဲ့တော့မရနိုင်တော့ပါဘူး စားတဲ့သူရှိနေသရွေ့ ရောင်းတဲ့သူကရှိနေမှာပဲ အေ့ဆိုတော့ ပညာပေးလေးတွေ မူးယစ်ဆေးဝါးရဲ့ဆိုးကျိုးတွေကို ထိထိရောက်ရောက်ပြောပြပေးနိုင်တဲ့ အဖွဲ့အစည်းတွေလုပ်ပေးနိုင်ရင် ပိုအဆင်ပြေမယ်ထင်တယ် လူတွေကအတော်များများ အကျင့်စာရိတ္တအပိုင်းတွေ တော်တော်လေးပျက်ပြားသွားကြတယ်လေ။အအတွေးအခေါ်ပိုင်းတွေတအားနိမ့်ကျသွားပြီ စိတ်ပိုင်းဆိုင်ရာကို အရင်ပြုပြင်ရမယ်”မိုးညှင်းမြို့နယ် အုန်းစံဆိုင်ကျေးရွာနေ ဒေသခံတစ်ဦးကဆိုပါတယ်။
မိုးညှင်းမြို့နယ်မှာ ဒီဇင်ဘာလ ၂၂ ရက်နေ့ထိ မူးယစ်ဆေးဝါးဖမ်းဆီးတွေ့ရှိမှု အကြိမ်ရေသုံးကြိမ်ရှိခဲ့ပြီဖြစ်ပြီး CCDA Myanmar ကထုတ်ပြန်ခဲ့တဲ့ သတင်းတွေအရ သိရှိရပါတယ်။
ဒီဇင်ဘာလ၂၂ရက်နေ့မှာ မိုးညှင်းမြို့နယ် ဟိုပင်မြို့ မြို့သစ်ကလေးကျေးရွာအနီးတွင် ဘိန်းဖြူအလေးချိန် (၁.၁) ကီလို ငွေတန်ဖိုးအားဖြင့် ၂၇၅သိန်းကို ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာလ ၁၄ရက်မှာလည်း မိုးညှင်းမြို့နယ် နန့်မွန်းမြို့တွင် တစ်ကြိမ်၊ ဒီဇင်ဘာ ၁၈ရက်မှာ မိုးညှင်းမြို့နယ် နန့်စီးအောင်စစ်ဆေးရေးဂိတ်တွင်တစ်ကြိမ် မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ CCDAC ရဲ့ ထုတ်ပြန်မှုတွေအရ သိရပါတယ်။