အောက်တိုဘာ ၂ ၊ မိုးညှင်း
မိုးညှင်းမြို့နယ်အတွင်း ကုန်စျေးနှုန်းတွေဟာ ၂၀၂၄ နှစ်အစပိုင်းကထက် လက်ရှိမှာ (၃)ဆနီးပါး ကြီးမြှင့်လာပြီး အခြေခံလူတန်းစားတွေအနေနဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့လာကြတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
လူသုံးကုန်ပစ္စည်းများနဲ့ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ခရမ်းချဉ်သီး တစ်ပိဿာ (၃)ထောင်ကျပ်ကနေ ယခု(၈)ထောင်ကျပ်၊ ယခင်ဆားတစ်ပိဿာ(၁)ထောင်ကျပ်ခန့် ယခု(၅)ထောင်ကျပ်၊ ယခင်သွားတိုက်ဆေးတစ်ဗူး (၂)ထောင်ကျပ် ယခု(၁)သောင်းကျပ်ကျော်၊ ယခင် ခေါင်းလျှော်ရည်တစ်ထုပ် (၂၀၀)ကျပ် ယခုကျပ်(၁)ထောင်နီးပါး အသီးသီးစျေးမြှင့်တက်လာကြောင်း သိရပါတယ်။
“ ဘယ်စားနိုင်ကြတော့မလဲ စားချင်တဲ့အစားအစာတွေကိုလည်း ဒီအတိုင်းပဲကြည့်နေရတော့တာ နည်းနည်းလုပ်ငန်းကိုင်ငန်းကောင်းတဲ့သူတွေ သူဌေးတွေဆိုစားနိုင်ကြမှာပေါ့ လူလတ်တန်းစားတို့ အစ်ကိုတို့လို အောက်ခြေလူတန်းစားတွေဆို မမှန်းနိုင်တော့ပါဘူး ဘာမှတောင်မှမဝယ်ရဲဘူး” ဟု မိုးညှင်းမြို့အနီးက ပင်းဟဲကျေးရွာသားတစ်ဦးက ဆိုပါတယ်။
စားသောက်ကုန်အပြင် ဆောက်လုပ်ရေးပစ္စည်းများ နှင့် ဆက်စပ်ပစ္စည်းများလည်း ၃ ဆအထိမြင့်တက်လာနေတာကြောင့် လုပ်ငန်းတွေရပ်နားနေကြရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လမှာ ဘိလပ်မြေတစ်အိတ်(၂)သောင်းကျပ်ခန့်သာ ပေးဝယ်ခဲ့ရပြီး ဒီလပိုင်းတွေမှာ (၆)သောင်းကျပ်ထိရောက်ရှိလာတာကြောင့် ဆောက်လက်စအဆောက်အဦးများအားလုံးနီးပါးဟာ ရပ်နားထားကြပြီဖြစ်ကြောင်း သိရပါတယ်။
“ နားရတာပါ့အေး လုပ်လက်စကြီးတွေ ဘိလပ်မြေတွေစျေးတက် တစ်အိတ် နှစ်သောင်းခွဲအထိကသူများလုပ်နိုင်ကြတယ်လေ အတော်များများနားလိုက်ကြတယ် ဘိလပ်မြေအိတ်ကို (၅)ရာ (၆)ရာလောက် ဝယ်ပြီးလှောင်ထား ပိုက်ဆံရှင်းထားတဲ့သူတွေကျ အလုပ်ဖြစ်တာပေါ့” ဟု မိုးညှင်းမြို့က အဆောက်အဦး ဆောက်လုပ်တဲ့ လုပ်ငန်းခွင်တွင်း လုပ်ကိုင်ခဲ့သူတစ်ဦးက အခုလိုပြောပြပါတယ်။
ဒီလိုလုပ်ငန်းရပ်နားထားတာတွေကြောင့် အခြေခံအလုပ်သမားများလည်း အလုပ်လက်မဲ့ဖြစ်ခဲ့ရပြီး မိသားစုစားဝတ်နေရေးပိုမိုကြပ်တည်းလာကြတယ်လို့ ဆိုပါတယ်။
ဒါတင်မက ကလေးတွေရဲ့ စာသင်ကျောင်းစရိတ်တွေလည်း အကုန်အကျများပြားလာပြီး ပထမဆုံးKG တန်းတက်ရောက်နိုင်တဲ့ ကလေးများအသုံးပြုသော လက်ရေးလှစာအုပ် တစ်အုပ်ကို(၁)ထောင်ကျပ်ကျော်၊ စာရွက်သားအညံ့ဆုံး ဗလာစာအုပ်တစ်အုပ်ကို (၁)ထောင်ကျပ် စသည်ဖြင့် ဝယ်ယူအသုံးပြုနေကြရတယ်လို့ သိရပါတယ်။
“ကျောင်းတက်ဖို့ကုန်ကျစရိတ်တွေ မတတ်နိုင်တော့လို့ ကျွန်မတို့တူ(၆)နှစ်တောင်ကျော်နေပြီ ကျောင်းမထားနိုင်သေးဘူး သမီးလေးဆို (၁၂)တန်းကျထားတာ ပြန်မထားနိုင်တော့ဘူး အော်အရင်လိုဆပ်ပြာမွှေးခဲတွေတောင် မသုံးနိုင်တော့ပါဘူးဆို ဆပ်ပြာအခဲကြမ်းရွှေဝါပဲသုံးနေရတာ ဒါတောင်အနိုင်နိုင် ဟိုးအရင်ခေတ်ကလို ပြန်ရောက်သွားသလိုပဲ အခြေအနေက’ဟု မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသတွင်းနေထိုင်သူ ကျောင်းသားမိဘတစ်ဦးက ပြောပြပါတယ်။
မိုးညှင်းမြို့နယ်က ဒေသခံအများစုဟာ လယ်ယာစိုက်ပျိုးလုပ်ကိုင်တဲ့ လုပ်ငန်းတစ်ခုတည်းသာရှိပြီး အောက်ခြေလူတန်းစားများသာ များပြားတာကြောင့် ယခုလိုကုန်စျေးနှုန်းကြီးမြှင့်မှုဒဏ်ကို အလူးအလဲခံစားနေကြရတာပဲဖြစ်ပါတယ်။
အခုလို ကုန်စျေးနှုန်းအဆမတန်ကြီးမြင့်လာတာတွေဟာ ကုန်စည်စီးဆင်းမှုနှောင့်နှေးမှုတွေ ၊ ကုန်သွယ်ရေးလမ်းပိုင်းမှာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ငွေကြေးအဆမတန်တောင်းခံမှုတွေကြောင့် ဖြစ်တယ်လို့ ကုန်သည်တွေကဆိုကြပါတယ်။
ကချင်ပြည်နယ််သို့ ကုန်စည်များဝင်ရောက်နိုင်တဲ့ လမ်းပိုင်းတွေမှာ တိုက်ပွဲတွေကြောင့် မကြာခဏလမ်းပိုင်းပိတ်နေရပြီး အဓိကလိုအပ်တဲ့ ကုန်စည်တွေကို လေကြောင်းလမ်းက သယ်ယူနေရတာကြောင့်လည်း ကုန်စျေးနှုန်းကြီးမြင့်နေတာဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောဆိုမှုအရ သိရပါတယ်။
၂၀၂၄ ခုနှစ်အတွင်းမှာ မန္တလေး-မြစ်ကြီးနားလမ်းပိုင်း ပိတ်ထားမှုက ၁၀ ကြိမ်ထက်မနည်းရှိနေပြီး တစ်လ တစ်ကြိမ်နီးပါး ပိတ်နေတာလို့ သတင်းမှတ်တမ်းတွေအရသိရပါတယ်။