အောက်တိုဘာ ၁၆ ၊ မိုးညှင်း
မိုးညှင်းမြို့နယ် ဟိုပင်-နန့်မွန်း လမ်းပိုင်းမှာ ကိုမောင်စိုးနဲ့ ကိုကံဦးတို့နှစ်ဦး မောင်းနှင်လာတဲ့ မော်တော်ဆိုင်ကယ်ကို မူးယစ်ဆေးဝါးတားဆီးရေးရဲတပ်ဖွဲ့တွေက ရပ်တန့်စစ်ဆေးရာမှာ စက္ကူဂျပ်ဖာအတွင်းက ဘိန်းဖြူထည့်ထားတဲ့ ဆပ်ပြာခွက်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
သူတို့နှစ်ဦးကို အောက်တိုဘာလ ၁၀ ရက်နေ့က နေ့လည်ပိုင်းမှာ ဖမ်းဆီးရမိတဲ့ ဘိန်းဖြူအလေးချိန်က ၁.၁ ကီလို (ဒေသကာလပေါက်စျေး သိန်းနှစ်ရာ့ခုနှစ်ဆယ်)ရှိတယ်လို့ မူးယစ်ဆေးဝါးတားဆီးနိမ်နင်းရေး ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အဲ့နေ့တစ်ရက်တည်းမှာပဲ ဖမ်းဆီးရမိသူတွေရဲ့ ကွင်းဆက်ကို ထပ်မံလိုက်ရာမှာ အင်းတော်ကြီးဒေသ နန့်မွန်းမြို့ လယ်ပုံတန်းရပ်ကွက်မှာ နေထိုင်သူ ဒေါ်နွယ်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ သုံးဦးလုံးကို ဟိုပင်နယ်မြေရဲစခန်းက မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားတယ်လို့ဆိုပါတယ်။
အောက်တိုဘာလ (၇) ရက်နေ့ကလည်း မိုးညှင်းမြို့နယ် နမ္မားမြို့ ကနေ အင်းတော်ကြီးသွားလမ်းမှာရှိတဲ့ လယ်မှီးကျေးရွာအနီးမှာ ကန်တာမော်တော်ယာဉ်တစ်စီးမှာလည်း မူးယစ်ဆေးဝါး ၂.၅၇ ကီလို (ဒေသကာလပေါက်စျေး ကျပ်သိန်းခြောက်ရာ့ရှစ်ဆယ်ကျော) ကိုဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
မိုးညှင်းမြို့နယ် နန့်စီးအောင် စုပေါင်းစစ်ဆေးရေးဂိတ်မှာလည်း လစဉ်မူးယစ်ဆေးဝါးသယ်ဆောင်သူတွေကို ဖမ်းဆီးရမိနေပြီး ကျပ်ဘီလီယံနဲ့ချီတဲ့ မူးယစ်ဆေးဝါးတွေကိုလည်း ဖမ်းဆီးရမိထားကြောင်း မူးယစ်ဆေးဝါးတားဆီးနိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရပါတယ်။
မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးဆိုင်ရာဥပဒေအရ ရောင်းချခြင်း၊ သယ်ဆောင်ခြင်း ၊ တဆင့်ပေးပို့ခြင်းတွေ ပြုလုပ်မယ်ဆိုရင် အနည်းဆုံး ထောင်ဒဏ် (၅) နှစ်ကနေ အများဆုံး (၁၀)နှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်တယ်လို့ပြဌာန်းထားပါတယ်။