
နိုဝင်ဘာ ၁၉ ၊ မိုးညှင်း
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
“ စခန်းတော့မကျသွားဘူး။ ဒီဘက်(စစ်တပ်)ဘက်ကတော့ ပြန်ဆုတ်တဲ့ခါ လက်နက်ကြီးနဲ့လှမ်းပြန်ထုတာနေမှာကော ၊ မနက်အစောဆို မိုးလင်းပြီကော ၊ ၆ နာရီ ၇ နာရီကြားမှာစဖြစ်တာ။ နမ္မားရဲစခန်းက စျေးလမ်းကနေ ဝင်သွားတာတည့်တည့်ပါ့၊ရွာထဲမှာကြီးနေထားတာရဲစခန်းက”လို့ ဖြစ်စဉ်ကိုသိတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုဟာ တစ်နာရီဝန်းကျင်သာကြာမြင့်ခဲ့ပြီး ထိခိုက်မှု ကြီးကြီးမားမားမရှိခဲ့ကြောင်း သိရပါတယ်။
နိုဝင်ဘာလ ၁၇ ရက်နေ့ကလည်း မိုးကောင်း-ဟိုပင်နယ်စပ် က နန်းခွင်ကျေးရွာ အခြေစိုက် ခမရ (၅၂၁) တပ်ရင်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။
အခုရက်ပိုင်းအတွင်းမှာ မိုးညှင်း၊ မိုးကောင်းမြို့နယ်တွေက စစ်တပ်ရဲ့ တပ်စခန်းတချို့နဲ့ ရဲစခန်းတချို့တိုက်ခိုက်ခံရမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေကပြောဆိုနေကြပါတယ်။
ကချင်ပြည်နယ်အတွင်းရှိ မြို့နယ် သုံးပုံနှစ်ပုံမှာ စစ်တပ် နဲ့ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေကြားမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေဆဲလည်းဖြစ်ပါတယ်။
“ အခုက ခြေနည်းနည်းရှုပ်နေတယ်။ ဟိုမှာသွားပေါ်လိုက် ၊ ဒီမှာသွားပေါ်လိုက် ။ အခုရက်ပိုင်းမှာနည်းနည်းဆက်လာတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ကချင်ပြည်နယ်အတွင်းမှာ ရွေးကောက်ပွဲကျင်းပပြုလုပ်ဖို့အတွက် မဲဆွယ်စည်းရုံးရေးအဖြစ် မြစ်ကြီးနားနဲ့ မိုးညှင်းမြို့နယ်တွေမှာ ပါတီအသီးသီးကပြုလုပ်နေတာလည်းဖြစ်ပါတယ်။
နမ္မားအတွင်းမှာ တိုင်းရင်းသားပါတီတွေရဲ့ ကိုယ်စားလှယ်တွေရဲ့ မဲဆွယ်စည်းရုံးရေးဆိုင်းဘုတ်တွေလည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှ စိုက်ထူပြီးစီးထားတာလည်းဖြစ်ပါတယ်။
