မိုးညှင်းမြို့မှာ စပါးရိတ်သိမ်းဖို့ ကောက်ရိတ်သမနှင့် ရိတ်ခြွေစက်များ မရှိမှုကြောင့် အခက်ကြုံ

နိုဝင်ဘာ ၂၈ ၊ မိုးညှင်း

မိုးညှင်းမြို့မှာ ရင့်မှည့်နေတဲ့ စပါးတွေကို ရိတ်သိမ်းနိုင်ဖို့အတွက် ကောက်ရိတ်သမတွေနဲ့ ရိတ်ခြွေစက်တွေ မရှိတာကြောင့် အခက်အခဲကြုံနေကြရတာဖြစ်တယ်လို့ တောင်သူတွေက ရှမ်းနီအသံကိုပြောပါတယ်။

“ မိုးညှင်းမှာပြဿနာဘာရှိလဲဆိုရင် စပါးရိတ်တဲ့သူမရှိဘူး။ နေ့စားလိုက်တဲ့သူမရှိဘူး ။​ရိတ်ခြွေမောင်းမယ့်သူမရှိဘူး။ ခိုင်းစရာဘာမှ မရှိဘူး ဘာမှလုပ်လို့မရဘူးဆိုင်ကယ်ဆီတိုက်နေကြတာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ကောက်ရိတ်သိမ်းနိုင်ဖို့ ရိတ်ခြွေစက်မောင်းနှင်မယ့်သူ နဲ့ ကောက်ရိတ်သမတွေဟာ ဆိုင်ကယ်နဲ့ စက်သုံးဆီသယ်ယူဖြန့်ဖြူးတဲ့လုပ်ငန်းခွင်တွေဘက်ကို ပိုမိုအာရုံစိုက်နေတာကြောင့်လို့ ကုန်သည်တွေက ပြောဆိုကြပါတယ်။

မြို့နဲ့ ၅ မိုင်ပတ်ဝန်းကျင်က စပါးစိုက်ခင်းတချို့တွေဟာ လက်ရှိမှာ ရိတ်သိမ်းပြီးကြပေမယ့် မြို့အနီးနားမှာတော့ ရိတ်သိမ်းခြင်းမရှိသေးဘူးလို့လည်းတောင်သူတစ်ဦးက ပြောပါတယ်။

“ မြို့နားကမှာပဲဖြစ်ကြမှာနေမယ်။ ငါတို့ဆီတော့ရိတ်ကြပါတယ်။ တချို့လယ်စားတွေက ပြီးပြီကော ခြွေတောင်ခြွေပြီးပြီ။ တချို့ကလည်း စပါးထည့်ထား(စိုက်ထား) အရင်တုန်းကလို ချင်းတုံးဆိုရင် တပရိတ်တည်းရိုက်ကြတယ်။ အခုက အထွက်တိုးတဲ့ဟာတွေ ထည့်ထားကြတာဆိုတော့ တချို့က နောက်ကျတယ်ကောအေး ။ ကုန်းပေါင်း ( အင်ကြင်းကုန်း)ဘက်ကတော့ ရိတ်တဲ့သူတွေနည်းသေးတယ်”​လို့ တောင်သူတစ်ဦးကပြောပါတယ်။

မိုးညှင်းမြို့နည်းတူ အင်းတော်ကြီးဒေသမှာလည်း ကောက်ရိတ်သမ နှင့် ရိတ်ခြွေစက်တွေမရှိတာကြောင့် လက်ရှိအချိန်ထိ မရိတ်သိမ်းရသေးတဲ့ စပါးဧကသောင်းနှင့်ချီရှိနေသေးကြောင်း စုံစမ်းသိရှိရပါတယ်။

မိုးညှင်းမြို့အပါအဝင် ကျေးရွာအုပ်စုတွေမှာ နှစ်စဉ် မိုးစပါးစိုက်ပျိုးဧက တစ်သိန်းသုံးသောင်းကျော်ရှိတာလည်းဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်မှာ မိုးညှင်းမြို့နယ်အတွင်းက တောင်သူတွေဟာ စိုက်ပျိုးချိန်မှာ စိုက်ပျိုးရေး ချေးငွေနှောက်ကျမှု ၊ ဓာတ်မြေဩဇာစျေးနှုန်းမြင့်တက်မှုတွေနဲ့ ကြုံခဲ့ရတဲ့အပြင် ရိတ်သိမ်းချိန်မှာလည်း ရိတ်သိမ်းဖို့အခက်အခဲအပြင် စပါးစျေးနှုန်းတွေပါ ကျဆင်းနေတယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *