



ဖေဖော်ဝါရီ ၁၄ ၊ မိုးညှင်း
ကချင်ပြည်နယ်၊ မိုးညှင်းမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာဒေသခံ(၉၀)ဦးခန့်ကို မနေ့က ဖေဖော်ဝါရီ(၁၃)ရက်နေ့ မနက်ပိုင်း (၄)နာရီဝန်းကျင်အချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KIA+PDF)ပူးပေါင်းအဖွဲ့တို့က စုဆောင်းရေးဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါတယ်။
“ လက်ပံတန်းနားမှာလေ ဆီသယ်တဲသူတွေကိုခေါ်သွားတယ် နန်းမားတစ်ဝိုက်ရွာတွေက ဆီသယ်နေတဲ့ သူတွေကော လက်ပံတန်းရွာသားတွေကော အများကြီးပါသွားတယ်ပြောတယ် အကုန်လုံးတော့မဟုတ်ဘူး ဒါပေမယ့်အတော်များများပါတယ်’ မိုးညှင်းမြို့သွားလမ်းပေါ်ရှိ လက်ပံတန်းကျေးရွာမှာ ယခုလိုဖမ်းဆီးသွားတာဖြစ်တယ်လို့ ဖြစ်စဉ်သိရှိသူ မိုးညှင်းဒေသခံတစ်ဦးက ပြောပြပါတယ်။
ဖမ်းဆီးခံရသူတွေဟာ စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ်အစပ်ရှိ နန့်စီးအောင်ကျေးရွာမှာ ဆီဘောက်ဆာယာဉ်များကနေ စက်သုံးဆီကို မော်တော်ဆိုင်ကယ်များဖြင့် ကဲ့ယူကြပြီး မိုးညှင်းမြို့၊ဟိုပင်မြို့တို့အပြင် မြို့အနီးတစ်ဝိုက်ကကျေးရွာတွေဆီသို့ ဖြန့်ဖြူးသယ်ယူနေသူများဖြစ်ပါတယ်။
နမ္မား၊ မြို့သစ်ကလေး၊အလယ်တော၊သဲဂုဏ်၊ လက်ပံတန်းစတဲ့ကျေးရွာတွေအပြင် စက်သုံးဆီသယ်ယူတဲ့အလုပ်လုပ်ကိုင်နေကြသူ မိုးညှင်းမြို့သွားလမ်းတစ်လျှောက်ရှိ ကျေးရွာအတွင်းနေထိုင်တဲ့ ဒေသခံများပါဝင်သွားတာလို့ သိရပါတယ်။
“ မိုးမလင်းတလင်းခင်ဖမ်းတာဆိုတော့ အစောဆုံးထွက်လာတဲ့အသုတ်တွေကို ဖမ်းတာလို့ပြောတယ် နန်းမားအနီးအနားကရွာတွေအများဆုံးပဲ ဆီသယ်တဲ့ဟာတွေ အကုန်လုံးနီးပါးပါ့ညယ်’ဟု သူက ပြောပြပါတယ်။
ဒီထဲကမှ အသက်အရွယ်ကြီးရင့်သူတွေနဲ့ ၎င်းတို့တပ်ဖွဲ့များနဲ့ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသိရှိထားသူ (၂၀)ဦးခန့်ကိုတော့ ပြန်လည်လွှတ်ပေးခဲ့ပြီး ကျန်သူများကိုတော့ နန်းမားကျေးရွာအထွက်ရှိ ဘုရားကွင်းဘက်သို့ ခေါ်ဆောင်သွားကြောင်း သိရပါတယ်။
KPDF တပ်ဖွဲ့များက ပြီးခဲ့တဲ့လ ဇန်နဝါရီ (၉)ရက်နဲ့ (၁၃)ရက်နေ့တွေမှာ အင်းတော်ကြီးဒေသအတွင်းရှိ လူငယ်အမျိုးသား အမျိုးသမီး (၂၀၀) ဝန်းကျင်ကိုလည်း စုဆောင်းရေး ခေါ်ဆောင်ခြင်းများ ပြုလုပ်ခဲ့ပါသေးတယ်။