မိုးမိတ်နှင့် မဘိမ်းမြို့ကို စစ်အုပ်ချုပ်ရေးမြို့တွေအဖြစ် ထပ်မံသတ်မှတ် 

တိုက်ပွဲများကြောင့် ပျက်စီးနေသည့် မိုးမိတ်မြို့ကို တွေ့ရစဉ် Photo/ Jao MongMit

ဖေဖော်ဝါရီ ၂၉ ၊ မိုးမိတ် 

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နှင့် မဘိမ်းမြို့နယ်တွေကို စစ်အုပ်ချုပ်ရေး (Martial Law) မြို့တွေအဖြစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ စစ်ကောင်စီက သတ်မှတ်ကြေညာလိုက်ပါတယ်။ 

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကို   မိုးမိတ်နှင့်မဘိမ်းမြို့နယ် နှစ်ခုရဲ့ စစ်အုပ်ချုပ်ရေးနှင့် တရာစီရင်ရေးအာဏာ ကျင့်သုံးဖို့ ဖွဲ့စည်းပုံအရ အပ်နင်းကြောင်းဆိုထားပါတယ်။

တိုင်းမှူးက အချိန်နှင့်တပြေးညီ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ အခြေနေပေါ်မူတည်ပြီး မိမိသော်လည်းကောင်း၊  စစ်နယ်မြေမှူးများကိုသော်လည်းကောင်း  တာဝန်လွှဲအပ်ရ စစ်အုပ်ချုပ်ရေး( Martial law)အာဏာကို ကျင့်သုံးနိုင်ကြောင်းပါ တစ်ပါတည်းဆိုထားပါတယ်။

မိုးမိတ်မြို့နဲ့ မဘိမ်းမြို့ကို ကချင်လွတ်မြောက်ရေးတပ် KIA,  PDF နဲ့ ABSDF ပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီလမှာ ရက်အနည်းငယ်ကြာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။ 

KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းထားတဲ့ မိုးမိတ်မြို့ကို ဇန်နဝါရီလ ၂၇ ရက်နေ့မှာ  စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။ 

စစ်ကောင်စီ ပြန်ထိန်းချုပ်ပြီး တစ်လအကြာမှာ စစ်ကောင်စီဘက်က မာရှယ်လောတစ်ရပ်ထုတ်ပြန်ပါတယ်။ 

မိုးမိတ်မြို့ပေါ်က တိုက်ပွဲများကြောင့် မြို့အတွင်း ပျက်စီးမှုများစွာရှိခဲ့ပြီး  ဘုန်းကြီးကျောင်း၊ ဘုရားရှိခိုးကျောင်း ၊ စျေးကြီး၊ လူနေအိမ်များ မီးလောင်မှုနှင့် လက်နက်ကြီးပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။ 

ရှမ်းပြည်နယ်တွင်းမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ရှမ်းမြောက်ဒေသတွင်း တိုက်ပွဲများကြောင့်  ကွမ်းလုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး၊ သိန္နီ၊ လောက်ကိုင်၊ ကုန်းကြမ်း စတဲ့ ရှစ်မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားခဲ့တာကြောင့် ရှမ်းပြည်နယ်မှာ စစ်အုပ်ချုပ်ရေးကြေညာထားပြီးလဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *