မိုးမောက်မြို့နယ် မန်နောင်ကျေးရွာမှာကို စစ်ဘေးတိမ်းရှောင်ထွက်ပြေးခဲ့ကြတဲ့ စစ်ဘေးရှောင်ကလေး ၂၁ ဦးကို ပညာရေးနဲ့ အဆက်အသွယ်မပျက်တောက်ရေးအတွက် နမ့်တာပိန်ပရဟိတအသင်းက ပညာသင်ကြားပေးနေတယ်လို့ သိရပါတယ်။
ပညာသင်ကြားနေကြတဲ့ ကလေးတွေက ၂၀၂၁ ခုနှစ် မေလ နဲ့ ဧပြီလမှာ မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာအနီး တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသူတွေဖြစ်ပါတယ်။
“ ကလေးတွေကျတော့ ၁၀ နှစ် သုံးလေးယောက်ရှိမယ်။ ရှစ်တန်းအရွယ်တွေ၊ ကျန်တဲ့ဟာတွေက ကလေးတွေပဲ၊ အဓိကတော့ သင်တာကတော့ ကျောင်းသင်ရိုး ပုံစံမျိုးမဟုတ်ပဲနဲ့ သူတို့အတွက်ခွန်အားပေးမယ့်ပုံစံလေးတွေပေါ့၊ စာလေးတွေနဲ့ အဆက်အသွယ်မပျက်သွားအောင် သင်ပေးတာပေါ့” လို့ နမ့်တာပိန်ရှမ်းသာရေးနာရေးအသင်း–မန်နောင်ကတာဝန်ရှိသူတစ်ဦးကပြောပြပါတယ်။
ပညာသင်ကြားနေကြတဲ့စစ်ရှောင်ကလေးတွေကမြို့သစ်၊ကုန်းလောကျေးရွာတွေကဖြစ်ပြီး မန်နောင်ကျေးရွာကိုစစ်ရှောင်လာကြသူတွေဖြစ်ပါတယ်။
လက်ရှိမှုသူတို့တွေကမန်နောင်ကျေးရွာမှာဘိုးဘွားဆွေမျိုးတွေနဲ့အတူနေအိမ်ငှားရမ်းနေထိုင်ကြတာဖြစ်တယ်လို့သိရပါတယ်။
ကလေးတွေရဲ့ပညာရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေတွေကို ပေါင်းစည်းအားမာန် လူမှုကူညီရေးအဖွဲ့က ကူညီပေးတာဖြစ်ပြီး နမ့်တာပိန် ရှမ်းသာရေးနာရေးအသင်းက သင်ကြားမှု အပိုင်းကို တာဝန်ယူထားတာဖြစ်တယ်လို့သိရပါတယ်။
ကလေးတွေကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလကတည်းက ပညာသင်ကြားမှုကို စတင်ခဲ့တာဖြစ်ပြီး ၁၀ လတာရှိနေပြီလို့လည်း သိရပါတယ်။
မိုးမောက်မြို့နယ် မြို့သစ် ၊ ကုန်းလောကျေးရွာတွေမှာ ၂၀၂၁ ခုနှစ်က KIA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်မှုကြောင့် ထောင်နဲ့ချီတဲ့ စစ်ရှောင်တွေက မန်နောင်ကျေးရွာ၊ မိုးမောက်မြို့ပေါ် နဲ့ ဗန်းမော်မြို့တွေကို စစ်ဘေးတိမ်းရှောင်ခဲ့ကြရတာလည်းဖြစ်ပါတယ်။