မိုးမောက်မြို့နှင့်ဗန်းမော်မြို့နယ်အတွင်းရှိကျေးရွာများမှနေအိမ်တစ်အိမ်ကို  KIAကကျပ်ငါးသောင်းကောက်

ဗန်းမော်မြို့ရှိ သီရိရတနာစျေးကို တွေ့ရစဉ်

ဒီဇင်ဘာ ၂၈ ၊ မိုးမောက် 

မိုးမောက်မြို့နယ် ၊ ဗန်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများမှ  နေအိမ်တစ်အိမ်ကို  ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကျပ်ငါးသောင်းကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပြပါယတယ်။ 

“ ဗန်းမော်မြို့နယ် မြောက်ဘက်အခြမ်း၊  တာပိန်တိုက်နယ်လဲ အကုန်ပေးရတယ်၊ မိုးလဲ တိုက်နယ်လဲ အကုန်ပဲ  မိုးမောက်မြို့နယ်လဲ တစ်နယ်လုံးပဲ မြို့ပေါ်ရပ်ကွက်တွေပဲ မပေးရတာ” လို့ မိုးမောက်မြို့ဒေသခံတစ်ဦးက ပြောပြပါတယ်။

တချို့သောကျေးရွာတွေမှာ ကျပ်သိန်း ၃၀၀ ပေးဆောင်နေရပြီး တချို့ကျေးရွာများမှ တစ်အိမ်ခြင်းစီ ကောက်ခံခြင်းဖြစ်ကြောင်း သိရပါတယ်။ 

လက်ရှိမှာ တိုက်ပွဲများကြောင့်  ကုန်သွယ်ရေးလမ်းပန်းဆက်သွယ်ရေးခက်ခဲကာ  ကုန်ဈေးကြီးမြင့်မှုတွေနဲ့ ဒေသခံတောင်သူတွေရင်ဆိုင်နေရချိန် အခုလိုကောက်ခံမှုဟာ စားဝတ်နေရေး ပိုကြပ်တည်းစေတယ်လို့ ဗန်းမော်ဒေသခံ တစ်ဦးက ပြောပါတယ်။ 

“ အခြေအနေက ဆိုးလာနေပြီ တစ်အိမ်ကို ငါးသောင်းတဲ့ KIA က ရွာတိုင်းကောက်နေပြီ။ ငါတို့ရွာဘက်ကဆို သိန်း ၃၀၀ တောင်းထားတာ ရွာလူကြီးတွေလဲ မတတ်နိုင်လို့ အခက်တွေ့နေပြီ  ၂၀၀ လောက်နဲ့ ရမလားလို့ ညှိနှိုင်းနေကြတယ် အားလုံးက စီးပွားရေး ခက်ခဲနေကြတာလေ” လို့ ဗန်းမော်မြို့ဒေသခံတစ်ဦးက ဆိုပါတယ်။

KIA/KIO က အခုလိုကောက်ခံနေမှုကို ဒေသခံတွေက  လူမှုရေး၊ စီးပွားရေးကြပ်တည်းမှုတွေကြောင့် ရပ်နားထားပေးဖို့ ပြောဆိုမှုတွေရှိပေမယ့်လည်း ဆက်လက်ကောက်ခံနေမှုဟာ လက်မခံနိုင်တဲ့ ဖြစ်ရပ်ဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *