
ဖေဖော်ဝါရီ ၁၄ ၊ မုံရွာ
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် တောင်ပိုင်းနဲ့ ချောင်းဦးမြို့နယ်အတွင်းမှာ စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် သေဆုံးသူ ၁၃ ဦးထက်နည်းရှိတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထုတ်ပြောထားကြပါတယ်။
မုံရွာမြို့နယ်တောင်ပိုင်းရှိ ညောင်ဖြူပင် နဲ့ ဘုဘကျေးရွာတွေကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ည နဲ့ ၁၂ ရက်နေ့ မနက်စောစောပိုင်းမှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
စစ်ကောင်စီက Y-12 အမျိုးအစား လေယာဉ်နဲ့ ဗုံးကြဲတာအပြင် မုံရွာ-မအူပင်အနီးကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် သေဆုံးသူတွေ များပြားခဲ့တာဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်တွေနဲ့ နီးစပ် သူတွေဆီကနေသိရပါတယ်။
မုံရွာမြို့နယ် ညောင်ဖြူပင်ကျေးရွာက အမျိုးသား တစ်ဦး ၊ သစ်ဆိမ့်ကျေးရွာက အမျိုးသမီးတစ်ဦး ၊ နဲ့ စစ်ဘေးရှောင်စခန်းက ကလေးနှစ်ဦး ၊ နဲ့ အမျိုးသားတစ်ဦးတို့ သေဆုံးကြောင်းသိရပါတယ်။
လေကြောင်းနဲ့ လက်နက်ကြီးကျည်တွေကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေဟာလည်း ဒဏ်ရာပြင်းထန်ပြီး သေဆုံးသူတွေ ထပ်တိုးလာဖွယ်ရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေက မနေ့က သတင်းထုတ်ပြန်လာကြပါတယ်။
စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် မုံရွာတောင်နယ်ရှိ ညောင်ဖြူပင် ၊ လယ်တော် ၊ ချမ်းသာကျွန်း စတဲ့ကျေးရွာများမှ ဒေသခံ တစ်ထောင်ကျော်ခန့်ကလည်း စစ်ဘေးရှောင်နေကြရပါတယ်။
အခုလို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက်သေဆုံးမှုကို ကန့်ကွက့်ရှုံ့ချကြောင်း MDY Revolution က သဘောထားထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ တစ်ရက်တည်းမှာ မြို့နယ် ၂၂ မြို့နယ်မှာ ထိတွေ့တိုက်ပွဲ နှင့် လေကြောင်းတိုက်ခိုက်မှုတွေဖြစ်ပွားပြီး အရပ်သားသေဆုံးမှုတွေမြင့်မားလာနေတယ်လို့ သုသေသနအဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။